ထိုင်းမြောက်ပိုင်း၌ ရေကြီးမှုကြောင့် လူ ၅ ဦး သေဆုံး

ထိုင်းမြောက်ပိုင်း၌ ရေကြီးမှုကြောင့် လူ ၅ ဦး သေဆုံး

ထိုင်းနိုင်ငံ မြောက်ပိုင်းတွင် ယခုသီတင်းပတ်အတွင်း ရေကြီးမှုများကြောင့် လူငါးဦး သေဆုံးကြောင်း သိရသည်။ နောက်ထပ် မိုးကြီးမှုများလည်း ရှိလာဖွယ်ရှိကြောင်း အာဏာပိုင်များက အောက်တိုဘာ ၁၇ ရက်တွင် သတိပေးသည်။

စက်တင်ဘာလ မုတ်သုံရာသီ စပြီးနောက် ရေကြီးရေလျှံမှုများကြောင့် ထိုင်းနိုင်ငံသား ၂၃ ဦး သေဆုံးခဲ့ရပြီး ၃၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အများပြည်သူ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တရပ်တွင် ပြောသည်။

ယခုသီတင်းပတ်အစောပိုင်းက နိုင်ငံ၏ မြောက်ပိုင်း ဖရာအို ခရိုင်တွင် ရေကြီးမှုကြောင့် လူငါးဦး အသက်ဆုံးရှုံးခဲ့ရကြောင်း ဝန်ကြီးဌာနက ပြောသည်။

ထိုင်းအာဏာပိုင်များသည် အောက်တိုဘာ ၁၇ ရက်က ခရိုင် ၃၂ ခုတွင် ရေကြီးမှု သတိပေးချက်များ ထုတ်ပြန်ခဲ့သည်။

ဘန်ကောက်နှင့် ပေါ်ပြူလာ အပန်းဖြေကျွန်း ဖူးခက်တို့တွင် မိုးကြီးမှုများ ရှိမည်ဟု ခန့်မှန်းထားသည်။

“အနောက်တောင်ဘက်က မုတ်သုံလေက ကပ္ပလီ ပင်လယ်နဲ့ ထိုင်းပင်လယ်ကွေ့ကို ဖြတ်သန်းတိုက်ခိုက်နေပြီး နိုင်ငံမှာ မိုးရေချိန် တိုးလာလိမ့်မယ်” ဟု ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစောင်တွင် ပြောသည်။

ယခု မိုးရာသီတွင် ရေကြီးမှုများကြောင့် ထိုင်းအိမ်ထောင်စုပေါင်း ၆၂,၀၀၀ ကျော် ထိခိုက်ထားခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

ဝန်ကြီးချုပ် ဆရတ်သာ သာဗီဆင်းက ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ရေကြီးမှုဖြစ်ရာ ဧရိယာများကို ပုံမှန်သွားရောက်ခဲ့ပြီး ဒေသအာဏာပိုင်များကလည်း ဘေးလွတ်ရာ စွန့်ခွာရသူများအတွက် အကူအညီပစ္စည်းများ ပေးအပ်ရန် ကြိုးပမ်းထားခဲ့ကြသည်။

၂၀၁၁ ခုနှစ်က နိုင်ငံတဝန်း ရေကြီးရေလျှံမှုများကြောင့် လူ ၅၀၀ ကျော် သေဆုံးပြီး အိမ်ပေါင်းသန်းချီ ထိခိုက်ပျက်စီးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly