ပုံဟောင်းများဖြင့် ရက္ခိုင့်တပ်တော်က ရိုဟင်ဂျာမိသားစုများကို လက်နက်တပ်ဆင်နေဟု သတင်းမှားဖြန့်

By MMTI(မဇ္ဈိမ)
04 October 2023
ပုံဟောင်းများဖြင့် ရက္ခိုင့်တပ်တော်က ရိုဟင်ဂျာမိသားစုများကို လက်နက်တပ်ဆင်နေဟု သတင်းမှားဖြန့်

ရက္ခိုင့်တပ်တော်(AA)က ရိုဟင်ဂျာမိသားစုများကိုစည်းရုံး၍ လက်နက်တပ်ဆင်ကာ အဖွဲ့ဝင် အဖြစ်ခန့်အပ်ရန်ကြိုးစားနေသည်ဟု လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိနေသည်။ ယင်းမှာ မှားယွင်းနေ သည်။

“DOROR WADDY MEDIA” အမည်ရှိ တဟ်လီဂရမ်ချန်နယ်တွင် စက်တင်ဘာ ၁၆ ရက်နေ့က “AA အဖွဲ့ များ ဘင်္ဂါလီမိသားစုများကိုစည်းရုံး၍ လက်နက်တပ်ဆင်တပ်ဖွဲ့ဝင်အဖြစ် ခန့်ဖို့ကြိုးစားနေ” ဟုဆိုကာ ပုံ သုံးပုံဖြင့် ရက္ခိုင့်တပ်တော်(AA)က ရိုဟင်ဂျာများကို လက်နက်တပ်ဆင်ခြင်း၊ တရားစီရင်ရေးတွင် ခန့်အပ် ထားခြင်း၊ ရခိုင်ပြည်တွင် ရိုဟင်ဂျာလက်နက်ကိုင်တပ်ပေါ်ပေါက်လာရန်ကြိုးစားနေခြင်း၊ လက်ရှိ AA တပ်ဖွဲ့တွင် ရိုဟင်ဂျာတပ်ဖွဲ့ဝင်များလည်း တာဝန်ထမ်းဆောင်နေကြောင်း ပုံသုံးပုံကိုညွှန်းကာ ရေးသား ထားသည်။

၎င်း၏ အရေးအသားတွင် ရခိုင်လူမျိုးများနှင့် ရိုဟင်ဂျာများကို ရန်တိုက်ပေးခြင်း၊ အမုန်းစကားလည်း ပါဝင်သည်။

ထိုအကြောင်းကို တယ်လီဂရမ်ချန်နယ်ခုနစ်ခုတွင်ပျံ့နှံ့နေပြီး ကြည့်ရှုသူ ၁၅,၀၀၀ ကျော်ရှိနေပြီဖြစ်သည်။ အလားတူ “DOROR WADDY MEDIA” အမည်ဖြင့်  ဖေ့စ်ဘုတ်တွင်လည်း ဖြန့်ဝေထားသည်။

မဇ္ဈိမ၏အချက်အလက်စစ်ဆေးသူများမှ အချက်အလက်စစ်ဆေးခဲ့ရာတွင် ပုံဟောင်းများဖြစ်နေကြောင်း တွေ့ရသည်။

ပုံသုံးပုံအနက် ပစ္စည်းများထောက်ပံ့နေသည့် အခမ်းအနားပုံများဖြစ်သည့် ပထမပုံနှင့် ဒုတိယပုံသည် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့က မူဆလင်ဘာသာရေးပွဲတော် ကုရ်ဘာနီအီးဒ်နေ့တွင် ရခိုင်နှင့် မူဆလင် ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေရန် AA က မူဆလင်အပြစ်သား ရှစ်ဦးကိုလွှတ်ပေးပြီး မွတ်ဆလင် ၄၀၀ ကျော်အတွက် အဝတ်အထည်များထောက်ပံ့သည့်သတင်းမှ ပုံဖြစ်သည်။ ထိုအကြောင်းကို နေရိဥ္စရာ သတင်းဌာနမှ သတင်းဖော်ပြထားခဲ့သည်။ လင့် - t.ly/OxkjE

တတိယပုံဖြစ်သည့် ကလေးငယ်ကို ရဲမေက ကျန်းမာရေးစမ်းသပ်နေသည့်ပုံသည် ၂၀၂၁ ခုနှစ် ဩဂုတ်လ တွင် Froniter Myanmar သတင်းဌာနက သတင်းဖော်ပြထားသည့် ရက္ခိုင့်တပ်မတော်မှ ရခိုင်ပြည်နယ် တွင် အုပ်ချုပ်ရေပိုင်းတိုးချဲ့သည့်သတင်းမှ ပုံဖြစ်သည်။ ပုံအောက်ခြေတွင်လည်း ရသေ့တောင်မြို့နယ် တွင် AA မှ ဆေးအရာရှိများက အရပ်သားများကို ကိုဗစ်နှင့် ပတ်သက်၍ ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်စဉ်က ပုံဖြစ်ကြောင်း ဖော်ပြထားသည်။ လင့် - t.ly/d2YIn

မဇ္ဈိမက ယခုပျံ့နှံ့နေသည့်သတင်းနှင့်ပတ်သက်ပြီး အာလဖာ(၂)စစ်ဒေသမှ AA တပ်သားတယောက်ကို မေးမြန်းခဲ့ရာ “ကျွန်တော်တို့ AA ဟာ လောလောဆယ် ရခိုင်ပြည်မှာရှိတဲ့ မျိုးနွယ်စုပေါင်းစုံ၊ ဘာသာပေါင်း စုံ သဟဇာတနဲ့ ငြိမ်းငြိမ်းချမ်းချမ်းနေနိုင်အောင် ပြည်သူတွေနဲ့လက်တွဲပြီးလုပ်ဆောင်နေတာကို ပြည်သူ တွေအမြင်ပဲဖြစ်ပါတယ်။ လက်နက်ကိုလည်း AA/ULA တပ်ဖွင့်ဝင်များသာ ကိုင်ဆောင်ခွင့်ပေးထားပြီး မည်သည့်ပြည်သူကိုမှ လက်နက်တပ်ဆင်ခြင်း မရှိပါဘူး။ ဒါတွေကို ကျွန်တော်တို့ကိုမေးရမှာထက် ပြည်သူတစ်ယောက်ချင်းစီကို မေးလည်းရတယ်” ဟု ပြန်လည်ဖြေကြားသည်။

ထို့ကြောင့် ရက္ခိုင့်တပ်တော်(AA)က ရိုဟင်ဂျာမိသားစုများကိုစည်းရုံး၍ လက်နက်တပ်ဆင်ပေးကာ တပ် ဖွဲ့ဝင်အဖြစ် ခန့်ရန်ကြိုးစားနေသည်ဆိုသောသတင်းမှာ သတင်းအကြောင်းအရာမတူညီသည့် ပုံဟောင်း များကိုစုစည်းအသုံးပြုပြီး  သတင်းတုအဖြစ် ဖန်တီးဖြန့်ဝေထားခြင်းသာဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required