ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း နဲ့ ဂျပန် အထူးကိုယ်စားလှယ်တို့ မြန်မာနိုင်ငံကို လာရောက်မည်

By မဇ္ဈိမ 
13 October 2023
ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း နဲ့ ဂျပန် အထူးကိုယ်စားလှယ်တို့ မြန်မာနိုင်ငံကို လာရောက်မည်

ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ ဂျပန်အစိုးရ အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါတို့ နှစ်ဦး မြန်မာနိုင်ငံကို မကြာခင်အတူသွားရောက်ဖို့ သဘောတူခဲ့တယ်လို့ ကမ္ဘောဒီးယားသတင်းတွေမှာ ရေးသားဖော်ပြထားပါတယ်။
မစ္စတာဟွန်ဆန်နဲ့ မစ္စတာ ဆာဆာကာဝါတို့ ဖနွမ်းပင်မြို့က ကမ္ဘောဒီးယားပြည်သူ့ပါတီ ဌာနချုပ်မှာ အောက်တိုဘာ ၁၁ ရက် မနက်က တွေ့ဆုံချိန်ပြီး အခုလို သဘောတူညီခဲ့ တာလို့ ဆိုပါတယ်။

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန် နဲ့ ဂျပန်အစိုးရ အထူးကိုယ်စားလှယ် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ယိုရှီ ဆာဆာကာဝါတို့ဟာ မြန်မာ နိုင်ငံမှာ  ငြိမ်းချမ်းရေးရရှိစေဖို့ ကြားဝင်အကျိုးဆောင်ရန်အတွက် SAC အဖွဲ့တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေး နိုင်ဖို့ မြန်မာနိုင်ငံကို လာရောက်ကြမှာဖြစ်တယ်လို့သိရပါတယ်။

မြန်မာနိုင်ငံကိုသွားရောက်မယ့် အချိန်နေ့ရက်အတိအကျကိုတော့ The Cambodianess က ဖော်ပြထားတာ မရှိပါဘူး။
အာဆီယံဥက္ကဌအဖြစ် ကမ္ဘောဒီးယားတာဝန်ယူဆောင်ရွက်စဉ် ရရှိခဲ့ဖူးတဲ့ အောင်မြင်မှုတစ်ချို့ကြောင့် ယခုအခါ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်ဟာ ဂျပန်နဲ့ ပူးပေါင်းကာ မြန်မာ့ငြိမ်းချမ်းရေးအတွက်ဆွေးနွေးလိုတာကြောင့် မြန်မာသို့လာရောက်မှာဖြစ်တယ်လို့လည်း ခမာတိုင်းမ်စ်သတင်းမှာဖော်ပြထားပါတယ်။

မြန်မာနိုင်ငံငြိမ်းချမ်းရေးတည်ဆောက်မှုအတွက် အာဆီယံနဲ့ဂျပန်ရဲ့ကူညီမှုကတစ်ဆင့် သက်ဆိုင်သူ အားလုံးနဲ့ ငြိမ်းချမ်းတဲ့နိုင်ငံရေးဆွေးနွေးမှုတွေ လုပ်ဆောင်သွားမယ်လို့လည်းမစ္စတာဟွန်ဆန်ကပြောကြားခဲ့ပါတယ်။
ဆာဆာကာဝါက ဟွန်ဆန်ဟာ ကမ္ဘောဒီးယားနိုင်ငံကို နှစ်ပေါင်း ၄ဝ ကျော်ကြာ ဦးဆောင်ခဲ့ပြီး အတွေ့အကြုံ ကောင်းများရှိသူဖြစ်သလို မြန်မာနိုင်ငံကို ပုံမှန်အတိုင်း ပြန်လည်ရောက်ရှိအောင်ကူညီပေးဖို့ အဓိကအခန်းကဏ္ဍ ကနေ ပါဝင်ဖွယ်ရှိနေတယ်လို့ ပြောပါတယ်။

မစ္စတာဟွန်ဆန်ဟာ ဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်နေစဉ်အတွင်း ပြီးခဲ့တဲ့ နှစ်ဇန်နဝါရီလကလည်း နေပြည်တော်သို့လာရောက်ခဲ့ကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ မိနစ် ၁၄၀ ကြာတဲ့ အထိ တွေ့ဆုံဆွေးနွေးခဲ့‌ပါတယ်။

၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတုန်းကတော့ မြန်မာနိုင်ငံပြဿနာကို ဖြေရှင်းနိုင်ဖို့ အနည်းဆုံး နောက်ထပ်ငါးနှစ် ကြာမြင့်နိုင်တယ်လို့ ဟွန်ဆန်က ပြောကြားထားပါတယ်။
နီပွန်ဖောင်ဒေးရှင်းဟာ မြန်မာပြည်ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ကူညီပံ့ပိုးမှုတွေပြုလုပ်နေတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပြီး မစ္စတာ ဆာဆာကာဝါဟာလည်း ဂျပန်အစိုးရရတဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တစ်ဦးလည်းဖြစ်ပါတယ်။ 

မစ္စတာ ဆာဆာကာဝါကတော့ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြားက တိုက်ပွဲတွေရပ်စဲဖို့အတွက် ကြားဝင်ဆောင်ရွက်ပေးခဲ့သူဖြစ်ပါတယ်။
စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံကို ၂၀၂၁ ခုနှစ်မှာ လာရောက်ခဲ့ပြီး စစ်ကောင်စီဥက္ကဌ နှင့်အဖွဲ့ကိုတွေ့ဆုံခဲ့သလို၊ တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီတချို့နှင့်လည်းတွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။ 
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလကလည်း မြန်မာနိုင်ငံအရေး ထိုင်းဝန်ကြီးချုပ်နဲ့  ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required