ထိုင်းနိုင်ငံတဝန်း တရားမဝင် သေနတ်များအပေါ် ဖြိုခွင်းနှိမ်နင်းမှု စတင်လုပ်ဆောင်

By Vietnam Plus
11 October 2023
ထိုင်းနိုင်ငံတဝန်း တရားမဝင် သေနတ်များအပေါ် ဖြိုခွင်းနှိမ်နင်းမှု စတင်လုပ်ဆောင်

ထိုင်းနိုင်ငံတဝန်း ခရိုင် ၄၇ ခုတွင် တရားမဝင် သေနတ်များနှင့် ပြုပြင်မွမ်းမံထားသည့် သေနတ်များကို ကိုင်ဆောင်သည့် သို့မဟုတ် ရောင်းချသည့် ကုန်သည်များနှင့် မှောင်ခိုသမားများကို နှိမ်နင်းအရေးယူမည့် စစ်ဆင်ရေးတရပ်ကို ထိုင်းရဲတပ်ဖွဲ့က အောက်တိုဘာ ၉ ရက်တွင် စတင်လုပ်ဆောင်သည်။

“ဟာနုမာန်” လက်နက်နှင့် နည်းဗျူဟာဆိုင်ရာ အထူးအဖွဲ့မှ အဖွဲ့ဝင်များ အပါအဝင် ရဲတပ်ဖွဲ့ဝင် ၈၀၀ ကျော်ကို နွန်သာဘူရီရှိ ဗဟို စုံစမ်းစစ်ဆေးရေး ဗျူရို (CIB) ၌ တပ်ဖြန့်ထားသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၃ ရက်က ဘန်ကောက်ရှိ ဆီယမ် ပါရာဂွန် ရှော့ပင်းမောလ်၌ လူငယ်သေနတ်သမားတဦး၏ ပစ်ခတ်မှုကြောင့် မြန်မာတဦး အပါအဝင် လူနှစ်ဦး သေဆုံးပြီး အခြားလူငါးဦးထက်မနည်း ဒဏ်ရာရသည့် ဖြစ်စဉ် ဖြစ်ပြီးနောက် ယခု လုပ်ဆောင်ချက် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

အဆိုပါ သေနတ်ပစ်ခတ်မှုဖြစ်စဉ်တွင် ကျူးလွန်သူ သေနတ်သမားသည် အသက် ၁၄ နှစ်သာ ရှိသေးသည့် ဆယ်ကျော်သက်တဦး ဖြစ်နေကြောင်းကို ထုတ်ဖော်သိရှိထားသည်။

တရားမဝင် သေနတ်များနှင့် ပတ်သက်နေသည့် ကုန်သည်များနှင့် မှောင်ခိုကူးသူများကို ဖမ်းဆီးရေး CIB ကော်မရှင်နာ ဒုတိယရဲဗိုလ်ချုပ်ကြီး ဂျီရတ်ဟော့ပ် ဘူရီဒီက ရဲတပ်ဖွဲ့ဝင်များကို ညွှန်ကြားသည်။ နိုင်ငံတွင် သေနတ်အမှုအခင်းများက ပိုမို၍ မကြာခဏ ဖြစ်ပွားလာနေသည်ဟု ၎င်းက ပြောသည်။

တရားမဝင် သေနတ်အများစုကို အွန်လိုင်း ချန်နယ်များမှတဆင့် အရောင်းအဝယ်လုပ်လျက် ရှိသည့်အတွက်ကြောင့် ထိုကိစ္စကို တတ်နိုင်သလောက် မြန်မြန်ဆန်ဆန် ကိုင်တွယ်အရေးယူရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။

Thailand launches crackdown on illegal firearms
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required