ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် အစိမ်းရောင်စွမ်းအင်တို့၌ ဆက်ဆံရေး မြှင့်တင်ရန် စင်ကာပူနှင့် ဆော်ဒီအာရေဗျတို့ သဘောတူ 

ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် အစိမ်းရောင်စွမ်းအင်တို့၌ ဆက်ဆံရေး မြှင့်တင်ရန် စင်ကာပူနှင့် ဆော်ဒီအာရေဗျတို့ သဘောတူ 
ဓာတ်ပုံ- ဝန်ကြီးချုပ် လီရှန်လွန်း နှင့် ဆော်ဒီအာရေဗျ အိမ်ရှေ့မင်းသား မိုဟာမက်ဘင် ဆယ်လ်မန်

စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းနှင့် ဆော်ဒီအာရေဗျ အိမ်ရှေ့မင်းသား မိုဟာမတ် ဘင် ဆယ်မန်တို့သည် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် အစိမ်းရောင်စွမ်းအင်ကဲ့သို့သော နယ်ပယ်များ၌ နှစ်နိုင်ငံကြား ဆက်ဆံရေးကို မြှင့်တင်သွားရန် သဘောတူကြသည်။ 

အဆိုပါ နယ်ပယ်များအပြင် ဒီဂျစ်တယ် စီးပွားရေးနှင့် အများပြည်သူကဏ္ဍဖွံ့ဖြိုးရေးတို့တွင် အပြန်အလှန်ပူးပေါင်းဆောင်ရွက်သွားရေးကို ဗုဒ္ဓဟူးနေ့၌ ၎င်းတို့ တွေ့ဆုံရာတွင် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။ 

ဝန်ကြီးချုပ် လီရှန်လွန်းက ဆော်ဒီအာရေဗျ၏ ဝန်ကြီးချုပ်လည်း ဖြစ်သည့် အိမ်ရှေ့မင်းသား မိုဟာမတ် ဘင် ဆယ်မန်က အယ်လ် ယာမမ်မာနန်းတော်၌ တည်ခင်းသည့် နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။ 

မိမိတို့ နှစ်နိုင်ငံကြားတွင် အပြန်အလှန် ဆက်ဆံရေးက တိုးတက်ကောင်းမွန်နေသည်ဟု ခေါင်းဆောင်နှစ်ဦးက အတည်ပြုပြောဆိုကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန MFA က တွေ့ဆုံမှုအပြီး ထုတ်ပြန်ချက်၌ ဆိုသည်။ 

အပြန်အလှန် သုတေသနခရီးစဉ်များနှင့် အကောင်းဆုံး အလေ့အကျင့်များ ဝေမျှခြင်းကိုလည်း ၎င်းတို့နှစ်ဦးက ကြိုဆိုကြောင်း MFA က ဖြည့်စွက်ဆိုသည်။ 

တွေ့ဆုံပြောဆိုရာတွင် ဆော်ဒီအာရေဗျ၏ ၂၀၃၀ မြင်ကွင်း စီမံကိန်းအောက် ဖွံ့ဖြိုးမှုနယ်ပယ်သစ်များ၌ စင်ကာပူကုမ္ပဏီများ စိတ်ဝင်စား ထက်သန်မှု ရှိနေကြောင်းကို ဝန်ကြီးချုပ် လီရှန်လွန်းက မှတ်ချက်ပြုပြောဆိုသည်။ 

အရှေ့တောင်အာရှ၏ ဂိတ်ဝအဖြစ် စင်ကာပူကို အသုံးပြုရန် ဆော်ဒီကုမ္ပဏီများကိုလည်း ၎င်းက ဖိတ်ကြားသည်။ 

၂၀၃၀ မြင်ကွင်းသည် ရာသီဥတု အကျပ်အတည်းသည် နိုင်ငံများကို ရေရှည်မြဲသည့် ဖွံ့ဖြိုးမှုများဆီ တွန်းပို့လျက် ရှိခြင်းကြောင့် ဆော်ဒီအာရေဗျနိုင်ငံအနေဖြင့် ရေနံအပေါ် မှီခိုနေရမှု လျှော့ချရန်အတွက် အိမ်ရှေ့မင်းသား၏ ရည်မှန်းချက်ကြီးသော စီမံကိန်းပဲ ဖြစ်သည်။ 

၂၀၁၆ ဧပြီတွင် စတင်သည့် အဆိုပါ စီမံကိန်းသည် ဆော်ဒီအာရေဗျ စီးပွားရေးကို အသွင်ကွဲပြီး ခေတ်မီစေရေးအတွက် ချမှတ်ထားခြင်း ဖြစ်သည်။ 

ခေါင်းဆောင်နှစ်ဦးသည် ဆက်သွယ်ရေး၊ ဒီဂျစ်တယ် စီးပွားရေးနှင့် ဆန်းသစ်တီထွင်မှု၊ စွမ်းအင်နှင့် စက်မှုလုပ်ငန်းကဲ့သို့သော နယ်ပယ်များ၌ ဆော်ဒီ-စင်ကာပူ ပူးတွဲကော်မတီအောက် ပူးပေါင်းဆောင်ရွက်မှုများကို ကြိုဆိုခဲ့ကြသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required