အရှေ့ဒဂုံမြို့နယ်အတွင်း ရေကြီးမှု ရက်သတ္တပတ်နီးပါးရှိလာ၊ အစားအစာနှင့် သောက်သုံးရေများလိုအပ်

By ရောင်နီ (မဇ္စျိမ)
19 October 2023
အရှေ့ဒဂုံမြို့နယ်အတွင်း ရေကြီးမှု ရက်သတ္တပတ်နီးပါးရှိလာ၊ အစားအစာနှင့် သောက်သုံးရေများလိုအပ်
ပုံအညွှန်း - ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်အတွင်း ရေကြီးမှုကြုံတွေ့နေရသည့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေစဥ်။ (ပုံ-စေတနာရှင်  ပရဟိတ-ရန်ကုန်)

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ရှိ ကျေးရွာ ရပ်ကွက်အများစုတွင် ရေကြီးမှုဖြစ်ပွားနေသည်မှာ တပတ်နီးပါးရှိလာပြီး အစားအစာနှင့် သောက်သုံးရေများ လိုအပ်လျက်ရှိကြောင်း လူမှုကူညီကယ်ဆယ်ရေးအသင်းများထံမှ သိရသည်။ 

လှည်းကူးမြို့နယ်တွင် ရေကြီးမှုဖြစ်ပွားပြီးနောက် ပြန်လည်ကျဆင်းလာသည့် ရေများနှင့် ငမိုးရိပ်ရေလှောင်တမံ ရေပိုလွှဲမှ ဆည်ရေလွှတ်မှုကြောင့် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ရှိ ကျေးရွာအချို့တွင် အောက်တိုဘာလ အစောပိုင်းမှ စတင်၍  ရေကြီးရေလျှံမှုများ ဖြစ်ပွားနေခြင်း ဖြစ်သည်။ 

“ လှည်းကူးရေဆင်းတာရယ် ငမိုးရိပ်ဆည်ရေလွှတ်တာရယ်ကြောင့် ကြီးတာပါ။ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်က လှည်းကူးနဲ့ လယ်ကွက်တပြင်တည်း။ မန္တလေးရွာ ဟိုဘက်ဆို လှည်းကူးအပိုင်ထဲရောက်ပြီ​ အဲ့တော့ လယ်ကွက်တွေကို ဖြတ်ပြီး လှည်းကူးဘက်က ကျော်လာတဲ့ရေရယ်၊ ရေထိန်းတံခါးကနေ လွှတ်တဲ့ ရေတွေကြောင့် ရေမြုပ်တာ။ မန္တလေးရွာဘက်ဆို  မြုပ်တာ တလ နီးနီးရှိပြီ၊ ဒဂုံအရှေ့ရပ်ကွက်တွေကို မြုပ်တာတော့ ဒီနေ့ဆို ခြောက်ရက်ရှိပါပြီ။” ဟု စေတနာရှင် ပရဟိတ- ရန်ကုန်မှ တာဝန်ရှိသူက ပြောသည်။ 

ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်အတွင်းရှိ ကျေးရွာ ရှစ်ရွာ၊  ရပ်ကွက်  ၁၉ ခုနှင့် ဒဂုံတက္ကသိုလ်၏ မျက်နှာချင်းဆိုင်တွင် တည်ရှိသည့် ဒဂုံတက္ကသိုလ် ရိပ်မွန် အိမ်ရာတွင်ပါ ရေကြီးမှုကို ကြုံတွေ့နေရကြောင်း သိရသည်။ 

ယင်းသို့ ရေကြီးမှုကြောင့် အိမ်ခြေ ၃,၀၀၀ နီးပါး ရေမြုပ်နေပြီး ရေဘေးကြုံတွေ့နေရသည့်ပြည်သူများကို ရပ်ကွက်တာဝန်ရှိသူများနှင့် လူမှုကူညီရေးအသင်းများပူးပေါင်းကာ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေကြောင်း ဒေသခံများက ပြောသည်။ 

“  အိမ်တလုံးလုံး မြုပ်တာတော့ မရှိပါဘူး။ အိမ်တဝက်လောက်တော့ မြုပ်တာတွေ ရှိတယ်။ လောလောဆယ်က တချို့ သက်ကြီးရွယ်အိုတွေရှိတဲ့အိမ်တွေဆိုရင် သူတို့ပြောင်းချင်တဲ့နေရာတွေ လိုက်ပို့တာရှိတယ်။ ထမင်းထုပ်တွေ ရေသန့်တွေ လိုက်ဝေတာ ရှိတယ်၊ တချို့ အိမ်တွေကိုတော့ ဆန်နဲ့ ဆီ အခြောက်အခြမ်းတွေ ဝေတာရှိတယ်။” ဟု ဒေသခံတဦး က ပြောသည်။ 

ယနေ့ အောက်တိုဘာလ ၁၉ ရက် ညနေ ၅ နာရီအချိန် မဇ္စျိမ၏ ဆက်သွယ်မေးမြန်းချက်အရ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်ရှိ အမြင့်ပိုင်းနေရာအချို့တွင် ရေပြန်လည်ကျဆင်းနေပြီဖြစ်သော်လည်း ရပ်ကွက်အများစုတွင် ရေဝင်ရောက်နေဆဲ ဖြစ်ကြောင်း သိရသည်။ 

“ ဒိီနေ့ နည်းနည်းပြန်ကျတယ်။ အမြင့်ပိုင်းဘက်က ရေတွေပြန်ကျနေတယ်။ ရေတော့ ထပ်တက်တာ မရှိဘူး။ တချို့နေရာတွေမှာတော့ ရေကတန့်နေတယ်။” ဟု ဒေသခံတဦးက ပြောသည်။ 

ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်ရှိ ရပ်ကွက်များအတွင်း ရေကြီးမှု ဖြစ်ပွားနေသည်မှာ ယနေ့တွင် ခြောက်ရက်မြောက်ရှိလာပြီဖြစ်ပြီး သောက်သုံးရေနှင့် အစားအသောက်များ လိုအပ်လျက်ရှိကြောင်း သိရသည်။ 

“ ဒဂုံအရှေ့ပိုင်းက အခြေခံလူတန်းစားတွေများတော့ အစားအသောက်နဲ့ သောက်ရေသန့်အတွက် အလှူရှင်တွေ လိုအပ်နေပါတယ်။ ဒိီရေကျရက်က ၂၁ ရက်ဆိုတော့ ၂၁ ရက်ကျော်လို့ ငမိုးရိပ်ချောင်းရေဆင်းသွားပြီး ရေဆင်းပေါက် အလွယ်တကူ ရှိရင်တော့ ရေကျမှာပါ။ မဟုတ်ရင်တော့ ရပ်ကွက်ထဲ ဘယ်အချိန်အထိ ရေတွေ ရှိနေအုံးမလဲ မသိဘူး။” ဟု စေတနာရှင်ပရဟိတ(ရန်ကုန်)မှ တာ၀န်ရှိသူက ဆိုသည်။ 

ယခုလ အောက်တိုဘာလဆန်းပိုင်းမှ စတင်ပြီး ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်းများတွင် မိုးသည်းထန်စွာရွာသွန်းကာ မြစ်ရေများမြင့်တက်လာမှုကြောင့် ပဲခူးမြို့နှင့် လှည်းကူး၊ မှော်ဘီ၊ တိုက်ကြီးမြို့နယ်များမှ ပြည်သူသောင်းနှင့်ချီကာ ရေကြီးရေလျှံမှုဘေးကို ခံစားခဲ့ကြရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly