KIO အုပ်ချုပ်ရေး အရာရှိ ၂ ဦးကို စစ်ကောင်စီ ဖမ်းဆီး

By အဂမ်(မဇ္ဈိမ)
05 October 2023
KIO အုပ်ချုပ်ရေး အရာရှိ ၂ ဦးကို စစ်ကောင်စီ ဖမ်းဆီး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) အုပ်ချုပ်ရေးအရာရှိ နှစ်ဦးနှင့်အတူ ဆက်စပ်သူများကို အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း ကေအိုင်အိုအုပ်ချုပ်ရေးရုံးနှင့် နီးစပ်သော ကချင်သတင်းရင်းမြစ်များက မဇ္ဈိမကို ပြောသည်။

အောက်တိုဘာလ ၂ ရက်နေ့ကစပြီး မြောက်ပိုင်းတိုင်းစစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက ကြာရာပတ္တီးရပ်ကွက်မှ ပြန်လာသော အရပ်သား နှစ်ဦးကို ထီဝန်းလမ်းဆုံတွင် ပိတ်ဆို့ဖမ်းဆီးလိုက်ပြီးနောက် ၎င်းအရပ်သား နှစ်ဦးမှတဆင့် KIO အစိုးရ၏ မြစ်ကြီးနားတိုက်နယ် အုပ်ချုပ်ရေးအရာရှိ နှစ်ဦး ကွင်းဆက် ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။

“ဖမ်းခံသွားရတာ အရပ်သား နှစ်ယောက်က KIO / A က ဝန်ထမ်းတော့မဟုတ်ဘူး၊ ရုံးဘက်ကလိုရင် ခေါ်ခိုင်းတဲ့သူတွေ ဟုတ်တယ်၊ အခုလည်း ဖမ်းခံတဲ့ထဲ ပါသွားတဲ့အရာရှိတယောက်က ကြာရာပတ္တီးဘက်ကို အဖော်ခေါ်သွားရင်း ပြန်လာတဲ့အချိန် ထီဝန်းလမ်းဆုံမှာ စစ်တပ်က စောင့်ဖမ်းသွားတာ၊ အဲကနေ ကွင်းဆက်လိုက်ပြီးတော့ KIO အရာရှိ နှစ်ယောက်ကို သူတို့ရဲ့အိမ်မှာပဲ ဝင်ဖမ်းသွား တာလို့ သိရတယ်” ဟု KIO အုပ်ချုပ်ရေးရုံးနှင့် နီးစပ်သော ကချင်သတင်းရင်းမြစ်က ပြောသည်။

ဖမ်းဆီးခံရသည့် KIO အုပ်ချုပ်ရေးအရာရှိ နှစ်ဦးမှာ မြစ်ကြီးနားမြို့နယ် ဒုအုပ်ချုပ်ရေးမှူး လဘန်တူးမိုင်နှင့် အုပ်စုအုပ်ချုပ်ရေးမှူး မရန်လှရိန်တို့ဖြစ်ပြီး ကျန်ဖမ်းဆီးခံ အရပ်သာားနှစ်ဦး၏ အမည်များကို မဇ္ဈိမက ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

ယခုဖမ်းဆီးခံထားရသော ဒုအုပ်ချုပ်ရေးမှူး လဘန်တူးမိုင်သည် ယခင်ဖမ်း ဆီးခံလိုက်ရသည့် ဒုမြို့နယ် အုပ်ချုပ်ရေးမှူး အဒေါင် နေရာတွင် အစားထိုးထားသူဖြစ်သည်ဟု ဒေသခံများက ပြောသည်။

လူမှုကွန်ယက်အသုံးပြုနေကြသည့် ကချင်လူထုကြား KIO အရာရှိ နှစ်ဦး ဖမ်းဆီးခံရချိန်တွင် ပစ်ခတ်မှု ဖြစ်ပွားကာ တဦးသေဆုံးသွားကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း မဇ္ဈိမအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

KIO အုပ်ချုပ်ရေး အရာရှိနှစ်ဦး အဖမ်းခံရပြီး နောက်တနေ့ အောက်တိုဘာလ ၃ ရက်နေ့တွင်လည်း အေမြသာယာရပ်ကွက်က KIO အုပ်ချုပ်ရေးရုံးများ၏ ဝန်ထမ်း (ဆပ်သား) ခြောက်ဦး ထပ်မံဖမ်းဆီးခံလိုက်ရကြောင်း ကနဦး စုံစမ်းသိရှိရသည်။

ထိုသို့ KIO အရာရှိများနှင့် အမှုထမ်းများ အဖမ်းခံရမှုနှင့် ပက်သက်ပြီး KIO  သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို မဇ္ဈိမက တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။

လက်ရှိအချိန်မှာ မြစ်ကြီးနားမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လုံခြုံရေး တင်ကြပ်ချထားသကဲ့သို့ အချို့နေရာများတွင် နေ့ရောညပါ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ဆိုသည်။

မြစ်ကြီးနားမြို့တွင် ပြီးခဲ့သည့်နှစ်  နိုဝင်ဘာလ ၁၂ ရက်နေ့ကလည်း မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်ရှိ Happy KTV  (ယခု Smile KTV ဟု အမည်ပြောင်းထား) မှာ KIO အုပ်ချုပ်ရေးအရာရှိများနှင့် အမှုထမ်း ၁၃ ဦးဖမ်းဆီးခံခဲ့ရသည်။

ထို့ပြင် ယခုနှစ် ဇွန်လ ၅ ရက်နေ့ကလည်း မြစ်ကြီးနားမြို့နယ် ဒုအုပ်ချုပ်ရေးမှူး အဒေါင်နှင့်  မလိယန်မြို့နယ် လက်အောက်ခံ ဇီးအွန်တိုက်နယ် ဒုအုပ်ချုပ်ရေးမှူး အင်ခွမ်လတို့ ဖမ်းဆီးခံခဲ့ရသည်။

စာတည်း။   ။ နောင်နောင်
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly