စစ်အာဏာရှင်များသည် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ပေးစွမ်းနိုင်ခြင်းမရှိကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

By 001(မဇ္စျိမ)
05 October 2023
စစ်အာဏာရှင်များသည် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ပေးစွမ်းနိုင်ခြင်းမရှိကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

စစ်အာဏာရှင်များအနေဖြင့် တိုင်းပြည်ကို အုပ်ချုပ်နိုင်ခြင်း၊ စီးပွားရေး စီမံခန့်ခွဲနိုင်ခြင်းမရှိသည့် အပြင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ပေးစွမ်းနိုင်ခြင်းမရှိသည်မှာ ရှင်းလင်းနေ ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကပြော သည်။

အောက်တိုဘာလ ၄ ရက်နေ့က ပြုလုပ်သော (၇၈) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ဒုတိယ ကော်မတီ၏ ဘာသာရပ်အစီအစဉ် ၂၀ အောက်ရှိ အထူးအခြေအနေရှိ နိုင်ငံအုပ်စုများ၊ ခေါင်းစဉ်ခွဲ(၁) ပဉ္စမအကြိမ် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများဆိုင်ရာကုလသမဂ္ဂညီလာခံ၏ ဆုံးဖြတ်ချက်များအား ဆက်လက် အရေးယူဆောင်ရွက်ခြင်းနှင့် ပတ်သက်သည့် အစည်းအဝေးတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ် သည်။

မြန်မာနိုင်ငံတွင် တရားမဝင် စစ်အာဏာသိမ်းယူခဲ့သည်မှာ နှစ်နှစ်ခွဲကျော်ရှိပြီဖြစ်ပြီး စစ်အာဏာရှင် များ၏ ရက်စက်ကြမ်းကြုတ်မှုများအပြင် နိုင်ငံတဝှမ်း ဆိုးရွားစွာ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ပြည်သူများအနေဖြင့် နေ့စဉ်နှင့်အမျှ နိုင်ငံရေးနှင့် လူမှုစီးပွားစိန်ခေါ်မှုများနှင့် ရင်ဆိုင်နေကြရကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းကပြောသည်။

“လူအများအပြားသည် အလုပ်အကိုင်များရှာဖွေရန်၊ အခြေခံဝန်ဆောင်မှုများရရှိရန်နှင့် စားဝတ်နေရေး အဓိကလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေး အစားအစာအလုံအလောက်ရရှိရန်ကိုပင် ရုန်းကန်နေကြရ ကြောင်း”၎င်းက ဆိုသည်။

အဆိုပါအခြေအနေတွင် မြန်မာနိုင်ငံအနေဖြင့် Doha Program of Action (DPoA) ရည်မှန်းချက်များနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်(SDG) ရည်မှန်းချက်များကိုပြည့်မီရေး ဆောင်ရွက်နိုင်မည့် အနေအထားမရှိကြောင်း ဦးကျော်မိုးထွန်းက တင်ပြသည်။

Doha Program of Action (DPoA) သည် ကပ်ရောဂါဘေးမှ လျင်မြန်စွာဖြင့် ရေရှည်တည်တံ့ခိုင်မြဲပြီး အားလုံးပါဝင်နိုင်သော ပြန်လည်ထူထောင်ရေး၊ ဆင်းရဲမွဲတေမှုလျှော့ချရေးနှင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ များတွင် ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ အသွင်ကူးပြောင်းမှုကိုရရှိရန်အတွက် ပြည်စုံသည့် ဖွံ့ဖြိုးတိုး တက်မှုမူဘောင်တခုဖြစ်ပြီး ၂၀၂၂-၂၀၃၁ ဆယ်စုနှစ်တွင် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအတွက် ခိုင်မာအား ကောင်းသော ရည်မှန်းချက်များကို ချမှတ်ထားကြောင်း သိရသည်။

ထိုရည်မှန်းချက်နှင့်ပန်းတိုင်များ အောင်မြင်ရန်အတွက် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အဆုံးသတ် ရန်၊ ဒီမိုကရေစီပြန်လည်တည်ဆောက်ရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရန်လို အပ်ပြီး ယင်းနှင့်ပတ်သက်၍ မြန်မာပြည်သူများအနေဖြင့်လည်း ပြတ်သားစွာဆုံးဖြတ်ပြီးဖြစ်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းကပြောသည်။

မြန်မာပြည်သူများအား ခိုင်မာထိရောက်သော ပံ့ပိုးကူညီမှုများပေးရန် နိုင်ငံတကာအသိုင်းအဝိုင်းအား ထပ်မံပန်ကြားကြောင်းနှင့် ကုလသမဂ္ဂနှင့် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာပြည်သူများ၏ စကားကို ဂရု တစိုက်နားထောင်ပြီး ကုလသမဂ္ဂမှ မြန်မာနိုင်ငံအပေါ် တာဝန်ပျက်ကွက်မှုမရှိစေရန်နှင့် မြန်မာပြည်သူ များအတွက် တဦးတယောက်မျှ ချန်လှပ်မထားဆိုသည့်မူကို လက်တွေ့အကောင်အထည် ဖော်ရန်လည်း ဦးကျော်မိုးထွန်းက တိုက်တွန်းခဲ့သည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required