မုံရွာထောင်တွင်း အစာငတ်ခံဆန္ဒပြခဲ့သည့် နိုင်ကျဉ်းများကို အမှုဖွင့်အရေးယူ

By 001(မဇ္စျိမ)
19 October 2023
မုံရွာထောင်တွင်း အစာငတ်ခံဆန္ဒပြခဲ့သည့် နိုင်ကျဉ်းများကို အမှုဖွင့်အရေးယူ
ဓာတ်ပုံ- မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် (ပုံဟောင်း)

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက မုံရွာထောင်တွင်း အစာငတ်ခံဆန္ဒပြခဲ့သည့် နိုင်ငံရေးအကျဉ်းသားများထဲမှ ၂၆ ဦးကို  အကျဉ်းထောင်ဘက်က လျှော့ရက်ပိတ်ခြင်းနှင့် အမှုဖွင့်အရေးယူခြင်းများ ပြုလုပ်နေကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီထံမှ သိရသည်။

အစာငတ်ခံဆန္ဒပြခဲ့သည့်အတွက် မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်၊ ကိုဖုန်းမြင့်အောင်၊ ကိုမိုးကျော်ထက်၊ ကိုနေဇင်လင်းထက်၊ ကိုနေဆန်း၊ ကိုချမ်းငြိမ်းအောင်၊ ကိုရဲရင့်သူ ၊ ကိုကျော်စိုးအေး နှင့် ကိုအောင်သူဟိန်းတို့ ကိုးဦးမှာ ​ထောင်တွင်းပြစ်ဒဏ်အဖြစ် လျှော့ရက်တနှစ် အပိတ်ခံထားရကြောင်း သိရသည်။

ထို့ပြင် ဆန္ဒပြနေချိန်တွင် ထောင်ဘက်က မည်သည့်တုံ့ပြန်ချက်မျှ မရှိ၍ အော်ဟစ်ဆန္ဒထုတ်ဖော်ခဲ့သည့်အတွက် ကိုဝင်းကျော်ဂေါင်၊ ကိုဆန်းမြင့်လွင်တို့အပါအဝင် ၁၇ ဦးမှာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၄၇ တရားမဝင်လူစုလူဝေးပြုလုပ်မှုဖြင့် အမှုဖွင့်ခံထားရကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်ကပြောသည်။

“ထောင်ဘက်က အရေးယူတာတော့ဒီရက်ပိုင်းအတွင်းမှ စလုပ်တယ်လို့ သိရှိရတယ်။ ကျွန်တော်တို့ရတာလည်း မကြာသေးဘူးဆိုတော့ ဒီရက်ပိုင်းအတွင်းမှာပဲဖြစ်ဖို့များပါတယ်ခင်ဗျ”ဟု ကိုရှင်းသန့်က ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီဘက်က မုံရွာထောင်ပိုင်ကြီး ဦးဝင်းမင်းလတ်၊ ထောင်ပိုင်လေး ဦးဝင်းကျော်မိုးနှင့် အိပ်ဆောင်မှူးတို့အပါအဝင် ငါးဦးကို ရာထူးမှ ထုတ်ပယ်ခဲ့ပြီး အခြားတပ်ကြပ်လေးဦးကိုလည်း ခြောက်လ ရာထူးမှတဆင့်လျှော့ချ အရေးယူထားကြောင်း ၎င်းက ပြောသည်။

အဆိုပါ ထောင်ဝန်ထမ်းများကို အရေးယူထားသည့်ကိစ္စနှင့် ပတ်သက်၍ စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်ပြောဆိုခြင်းမရှိသေးသကဲ့သို့ မဇ္စျိမအနေဖြင့်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

မုံရွာထောင်တွင် ပြီးခဲ့သည့် စက်တင်ဘာလ ၈ ရက်နေ့က စစ်ကောင်စီ၏ အထူးရှာဖွေရေးများ ဝင်ရောက်စစ်ဆေးပြီး နိုင်ငံရေးအကျဉ်းသားများ၏ အစားအသောက်၊ အဝတ်အစား၊ စာအုပ်အပါအဝင် အကျဉ်းထောင်ဘက်က ခွင့်ပြုထားသည့် အသုံးအဆောင်ပစ္စည်းများကိုပါ သိမ်းဆည်းသွားသည့်အတွက် နိုင်ငံရေးအကျဉ်းသား ၅၀ ဦးက အစာငတ်ခံ ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ ဆန္ဒပြမှုတွင် နိုင်ငံရေးအကျဉ်းသားအချို့ သွေးအားနည်းပြီး မူးလဲသည်အထိ ဖြစ်ပွားခဲ့ပြီး စက်တင်ဘာလ ၁၃ ရက်နေ့၌ တောင်းဆိုချက်များအပေါ် အကျဉ်းထောင်ဘက်က လိုက်လျောခဲ့သည့်အတွက် ဆန္ဒပြမှု ပြီးဆုံးခဲ့ပြီးနောက် ယခုကဲ့သို့ အရေးယူမှုများ ပြုလုပ်လာခြင်းဖြစ်သည်။

“ ပြည်သူလူထုအနေနဲ့ရော တော်လှန်ရေးရဲဘော်တွေအနေနဲ့ကရော အကျဉ်းထောင်ထဲမှာရှိတဲ့ ကျွန်တော်တို့ရဲ့ ရဲဘော်တွေကို အမြဲမပြတ်လေ့လာစောင့်ကြည့်ပြီး သူတို့အတွက် လုပ်ဆောင်ရမယ့် ကဏ္ဍတွေအကုန်လုံး တာဝန်ရှိတဲ့ဟာတွေအကုန်လုံး လုပ်ဆောင်ပေးကြဖို့၊ အမြဲမပြတ်စောင့်ကြည့်ပြီးတော့ သတင်းတွေနားစွင့်ထားမယ်။ ပြီးတော့ လိုအပ်တဲ့လှုပ်ရှားမှုမှန်သမျှလုပ်ဆောင်ပေးကြဖို့အတွက် တိုက်တွန်းလိုပါတယ်”ဟု မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောသည်။

အာဏာသိမ်းကာလ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့အထိ နိုင်ငံတဝန်း ဖမ်းဆီးခံခဲ့ရသူ ၂၅,၃၀၀ ကျော်ရှိပြီး ထိုအထဲမှ ၁၉,၅၀၀ ကျော်မှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ ထုတ်ပြန်ချက်အရ သိရသည်။

စာတည်း- သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly