မန္တလေးတွင် ရာအိမ်မှူး ၁ ဦး ပစ်သတ်ခံရ

By ၀၀၈(မဇ္စျိမ)
19 October 2023
မန္တလေးတွင် ရာအိမ်မှူး ၁ ဦး ပစ်သတ်ခံရ
ဓာတ်ပုံ- ပစ်သတ်ခံရသော ရာအိမ်မှူးပုံ

မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော်၊ အနောက်ရပ်ကွက်၊ ရာအိမ်မှူး ဦးသန်းမင်းသည် ယနေ့အောက်တိုဘာလ ၁၈ ရက်နေ့ မွန်းတည့် ၁၂ နာရီတွင် သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံများက မဇ္စျိမကို ပြောသည်။

၎င်းသည် ၄၁ လမ်း၊ ကုန်စိမ်းညစျေးတန်းအနီးရှိ လက်ဖက်ရည်ဆိုင်တွင် ထိုင်နေစဉ် သေနတ်ဖြင့်ပစ်သတ်ခံလိုက်ရခြင်း ဖြစ်သည်။

“သူက အဲဆိုင် ထိုင်နေကျ၊ လူနှစ်ယောက်က ဝင်ပစ်သွားတာပဲ၊ နေရာမှာပဲ သေတယ်၊အလောင်းကို လူနာတင်ယာဉ်ခေါ်သွားတယ်” ဟု မျက်မြင်တွေ့သူတဦးက မဇ္စျိမကို ပြောသည်။

သေဆုံးသူ ရာအိမ်မှူးသန်းမင်းသည် စစ်ကောင်စီတပ်ဖွဲ့မှ ရပ်ကွက်အတွင်း ဝင်ရောက်စစ်ဆေးမှုများပြုလုပ်လျှင် ကူညီပေးနေသူတဦးဖြစ်ပြီး ၎င်းကြောင့် CDM ဝန်ထမ်းများနှင့်လူငယ်အချို့လည်း ဖမ်းဆီးခံရမှုများရှိကြောင်း မြို့ခံများက ဆိုသည်။

“သူ့ကြောင့် ဘဝပျက် ဒုက္ခရောက်တဲ့သူ များပြီ၊ အခု သူ့ဒဏ်သူ ခံရတာ” ဟု မြို့ခံတဦးက ပြော သည်။

အခင်းဖြစ်ပွါးသည့် နေရာသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များရောက်လာပြီး စျေးပတ်ဝန်းကျင် လမ်းများနှင့် ကမ်းနားလမ်းတလျှောက် ရှမ်းလေးကျွန်း ကျေးရွာထိပ်အထိ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း မြို့ခံများက ပြောသည်။

စာတည်း။     ။ နောင်နောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly