မယ်စဲ့စစ်ရှောင်ကလေးငယ်တွေနဲ့ အမျိုးသမီးတွေမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်တာတွေ ရှိနေတယ်

By ဂျူချန်း(မဇ္ဈိမ)
20 October 2023
မယ်စဲ့စစ်ရှောင်ကလေးငယ်တွေနဲ့ အမျိုးသမီးတွေမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်တာတွေ ရှိနေတယ်

ကရင်နီပြည်၊ မယ်စဲ့မြို့နယ်က စစ်ရှောင်နေကြရတဲ့ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နေကြရတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO) ရဲ့ အတွင်းရေးမှူး (၂) မော်ဖရေမြာက မဇ္ဈိမကို ပြောပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပစ်ခတ်သံတွေက စစ်ရှောင်ကလေးငယ်တွေနဲ့အမျိုးသမီးတွေမှာ စိတ်ပိုင်းဆိုင်ရာထိခိုက်စေတဲ့ အကြောင်း တခုဖြစ်နေတယ်လို့ ဆိုပါတယ်။

ထိုင်း-ကရင်နီနယ်စပ်က မြန်မာဘက်အခြမ်း မယ်စဲ့မြို့နယ်ထဲမှာ စစ်ဘေးရှောင်စခန်း ကိုးခုနဲ့ ထိုင်းဘက်ခြမ်းက စစ်ရှောင်စခန်း နှစ်ခု ရှိပြီး စခန်းတခုမှာ ပျမ်းမျှ လူဦးရေ ၂,၀၀၀ လောက်ရှိတယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်တွေအထဲမှာ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကလေးမွေးဖွားပြီးခါစ မိခင်တွေလည်း ရှိနေပြီး ကျန်းမာရေးစောင့်ရှောက်မှုအပြင် မွေးကင်းစကလေးငယ်တွေအတွက် ပစ္စည်းတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။

စစ်ဘေးရှောင် ကလေးငယ်တွေဟာ စစ်ကောင်စီရဲ့ လေကြောင်းရန်ကြောင့် အကြိမ်ကြိမ် ထွက်ပြေးတိမ်းရှောင်နေကြရပြီး နေရာအတည်တကျမရှိတာကြောင့် ပညာသင်ကြားခွင့် အပြည့်အဝ မရရှိကြသလို စာရေးကိရိယာနဲ့ ဆရာဆရာမ မလုံလောက်တဲ့ အခက်အခဲတွေကိုလည်း ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ စစ်ဘေးရှောင်တွေအတွက် အမိုးအကာ၊ ဆေးဝါး၊ ရိက္ခာ၊ ကလေးငယ်တွေအတွက် အဝတ်အစား၊ ဖိနပ်၊ စာရေးကိရိယာတွေနဲ့ဖတ်စာအုပ်တွေ အဓိက လိုအပ်လျက်ရှိတယ်လို့ သိရပါတယ်။

ရုပ်သံ တင်ဆက်/တည်းဖြတ် - ဂျူချန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly