KNDF တပ်ရင်း(၅)တွင် အမျိုးသမီးစစ်သည်ပါဝင်မှု ၄၀ ရာခိုင်နှုန်းခန့်ရှိ

By ဂျူချန်း (မဇ္ဈိမ)
10 October 2023
KNDF တပ်ရင်း(၅)တွင် အမျိုးသမီးစစ်သည်ပါဝင်မှု ၄၀ ရာခိုင်နှုန်းခန့်ရှိ
ပုံအညွှန်း-အမျိုးသမီးစစ်သည်များ စစ်ရေးလေ့ကျင့်နေစဉ် (KNDF B05)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း(၅)တွင် အမျိုးသမီးစစ်သည်များ လည်း တာဝန်ထမ်းဆောင်နေကြပြီး တပ်ဖွဲ့အတွင်း အမျိုးသမီးပါဝင်မှု ၄၀ ရာခိုင်နှုန်းခန့်ရှိကြောင်း တာဝန်ရှိသူတဦးက ပြောသည်။

KNDF တပ်ရင်း(၅) တပ်ခွဲ(၄) သည် KNDF ၏ ပထမဆုံး အမျိုးသမီးတပ်ခွဲအဖြစ် တိုက်ပွဲဝင်လာသည်မှာ တနှစ်ကျော်ရှိပြီဖြစ်ကြောင်း အမျိုးသမီးစစ်သည်တော်များ စစ်ရေးလေ့ကျင့်နေသည့်ဓာတ်ပုံများကို အောက်တိုဘာလ ၉ ရက်နေ့တွင် ထုတ်ပြန်လာသည်။

“ရှေ့တမ်းစစ်မျက်နှာပြင်မှာ ပါ၀င်တာတွေ ရှိပါတယ်။ မီဒီယာမှာချမပြခဲ့တာတွေလည်း ရှိတာပေါ့။ အခြား Drone အဖွဲ့နဲ့ ဆေးအဖွဲ့တွေသာမက နိုင်တဲ့နေရာကနေ ပါ၀င်ကြပါတယ်။ တပ်ဖွဲ့အတွင်း အမျိုးသမီး ပါဝင်မှုကတော့ ၄၀ ရာခိုင်နှုန်းလောက်ရှိပါတယ်” ဟု KNDF တပ်ရင်း(၅)မှတာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

“အမျိုးသမီးတွေခံစားခဲ့ရတဲ့ အကြမ်းဖက်မှုတွေ၊ ဖိနှိပ်မှုတွေ ၊ ခွဲခြားဆက်ဆံမှုတွေအတွက် နောင်တချိန် ဖယ်ဒရယ်စနစ်ထူထောင်သွားတဲ့အခါမှာ နိုင်ငံရေးစကားဝိုင်းတွေ၊ ညှိနှိုင်းမှုတွေ၊ မူဝါဒတွေ ရေးဆွဲတဲ့အခါ မှာ အမျိုးသမီးတွေပါဝင်နိုင်ဖို့ ဆက်ပြီးကြိုးစားရမှာ ဖြစ်ပါတယ်။ အမျိုးသမီးများရဲ့ အခွင့်အရေး၊ ခံစားပိုင် ခွင့်ရရှိဖို့က  အမျိုးသမီးတွေမှာပဲ တာဝန်ရှိတာမဟုတ်ဘဲ အမျိုးသားတွေလည်း တကယ့်လူမှုဘဝမှာ ကြိုး စားပေးဖို့အများကြီး လိုအပ်ပါတယ်” ဟု KNDF တပ်ရင်း(၅)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required