ကနီမြို့နယ်တွင် ၁ဝ ရက်ဆက်တိုက် စစ်အာဏာရှင်ဆန့်ကျင်ရေးဟောပြောပွဲပြုလုပ်

By KMN (မဇ္ဈိမ)
10 October 2023
ကနီမြို့နယ်တွင် ၁ဝ ရက်ဆက်တိုက် စစ်အာဏာရှင်ဆန့်ကျင်ရေးဟောပြောပွဲပြုလုပ်
ပုံအညွန်း - ကနီမြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးဟောပြောပွဲများပြုလုပ်ခဲ့စဉ်။ (Photo - Pyae Aung Naing Kani)

စစ်ကိုင်းတိုင်း ၊ ကနီမြို့နယ်တွင် အောက်တိုဘာလ ၁ ရက်နေ့မှ ၁ဝ ရက်နေ့အထိ ၁ဝ ရက်ဆက်တိုက် စစ်အာဏာရှင် ဆန့်ကျင်ရေးဟောပြောပွဲ များပြုလုပ်ခဲ့ကြောင်း ကနီမြို့နယ် နွေဦးတော်လှန်ရေး သပိတ်အင်အားစု ဦးဆောင်သူက ပြောသည်။

ကနီမြို့နယ် နွေဦးတော်လှန်ရေး သပိတ်အင်အားစုနှင့် ဒေသခံပြည်သူများ ဦးဆောင်၍ ကနီမြို့နယ်ရှိ ကျေးရွာ ၁ဝ ရွာတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဟောပြောပွဲ နှင့် တော်လှန်ရုပ်ရှင်ပြပွဲကို ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

စစ်အာဏာရှင်ဆန့်ကျင်ရေးဟောပြောပွဲ နှင့်တော်လှန်ရုပ်ရှင်ပြပွဲများအား နေ့ဘက်နှင့်ညဘက်များတွင် ပြုလုပ်ခဲ့ပြီး အဆိုပါဟောပြောပွဲတွင် မန္တလေးမြို့မှ နိုင်ငံရေးတတ်ကြွလှုပ်ရှားသူ ဒေါက်တာတေဇာဆန်းက ကနီမြို့နယ်ပြည်သူများထံ တော်လှန်ရေးသတင်းစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

"ရွာဆယ်ရွာပေါင်းရင် လူဦးရေ ၁၅ဝဝ ကျော်လောက် ပါဝင်ခဲ့တယ်။ ရည်ရွယ်ချက်က ပြည်သူတွေ သွေးမအေးဖို့နဲ့ တော်လှန်ရုပ်ရှင်ပြသရင်း ရုပ်ရှင်ထဲကပါတဲ့ အကြောင်းအရာတွေ ကိုယ်တိုင်တွေးတတ်ဖို့ ၊စနစ်တစ်ခုကို တည်ဆောက်တတ်ဖို့ပါ။ အခြေအနေ ၊အချိန်အခါ ၊နေရာဒေသပေါ်မူတည်ပြီး လှုပ်ရှားမှုကို ပုံစံအမျိုးမျိုးနဲ့လုပ်သွားမယ်"ဟု ကနီမြို့နယ် သပိတ်အင်အားစု ဦးဆောင်သူက ပြောသည်။

ကနီမြို့နယ်ရှိ ယာယီစစ်ရှောင်စခန်းများတွင် စစ်ဘေးရှောင် ဦးရေ  ၂,၅ဝဝ ကျော်ခန့် နေထိုင်နေကြပြီး စားနပ်ရိက္ခာ အကူအညီများ လိုအပ်နေကြောင်း ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစုထံက သိရသည်။

စာတည်း။    ။ဖူးသိမ်ကျ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required