ရွှေဘိုတွင် စစ်ကောင်စီစစ်ကြောင်း ဒရုန်းဖြင့် ၃ ကြိမ် တိုက်ခိုက်ခံရ

By ရောင်နီ(မဇ္စျိမ)
26 October 2023
ရွှေဘိုတွင် စစ်ကောင်စီစစ်ကြောင်း ဒရုန်းဖြင့် ၃ ကြိမ် တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းဖြင့် သုံးကြိမ်ဗုံးကြဲတိုက်ခိုက် ခဲ့ကြောင်း Black Wolf-Army တာဝန်ရှိသူက ပြောသည်။

ရွှေဘိုမြို့မှ ထွက်ခွာလာသည့် အင်အား ၈၀ ဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းကို အောက်တိုဘာလ ၂၃ ရက်နေ့ နံနက် ၉ နာရီခွဲဝန်းကျင်က လုံးတော်ကျေးရွာအနီးတွင် ကာကွယ်ရေးတပ်ဖွဲ့က ဒရုန်းဖြင့် ပထမ အကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

“အင်အား ၈၀ နဲ့ ရွှေဘိုမြို့ထဲကထွက်လာပြီး လုံးတော်ကျေးရွာထဲ ဝင်ဖို့လုပ်နေတဲ့အချိန် ဗုံးကြဲတိုက်ခိုက် တာပါ။ ခုနစ်ဦး ထိခိုက်ဒဏ်ရာရတယ်။ တိုက်ခိုက်ခံရတော့ သူတို့ လုံးတော်ရွာထဲ မဝင်တော့ဘဲ ရွာသစ်ရွာ ထဲ ဝင်သွားတယ်” ဟု Black Wolf-Army တပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။

ဒရုန်းဖြင့်ဗုံးကြဲခံရပြီးနောက် ထိခိုက်မှုရှိခဲ့သည့် စစ်ကောင်စီတပ် ရွာသစ်ကျေးရွာအတွင်း ဝင်ရောက်ကာ ဆေးကုသခြင်းများလုပ်ဆောင်နေစဉ် ကာကွယ်ရေးတပ်ဖွဲ့က ဒရုန်းဖြင့် နှစ်ကြိမ်တိုက်ခိုက်ခဲ့ကြောင်း သိရ သည်။

“ရွာသစ်ထဲရောက်တော့ သူတို့(စစ်ကောင်စီတပ်)က ဒဏ်ရာရသူတွေကို ဆေးကုကြတယ်။ အဲဒီနေရာကို ဒရုန်းနဲ့နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်တာမှာ သုံးဦးသေကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်”ဟု ၎င်းက ပြောသည်။

တိုက်ခိုက်မှုများခံရပြီးနောက် စစ်ကောင်စီတပ်သည် ရွာသစ်ကျေးရွာမှ ပြန်လည်ထွက်ခွာကာ ရွှေဘိုမြို့ အတွင်း ဝင်ရောက်သွားကြောင်း သိရသည်။

“စစ်ကြောင်းဝင်ရောက်ခဲ့တဲ့ ရွာမှာတော့ ဘာမှလုပ်သွားတာမရှိဘူး။ သူတို့ပြန်ထွက်တော့ နယ်မြေရှင်း လင်းရေးလုပ်တဲ့အချိန်မှာ သွေးစွန်းနေတဲ့အဝတ်တွေနဲ့ လူနာသယ်ဖို့သုံးတဲ့ စောင်ပုခက်တွေကို သိမ်း ဆည်းနိုင်ခဲ့ပါတယ်” ဟု Black Wolf-Army တပ်ဖွဲ့ တာဝန်ရှိသူက ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုများကို Black Wolf-Army နှင့်၊ Who am i - army တို့ ပူးပေါင်းလုပ်ဆောင်ခြင်း ဖြစ်သည်။

ကာကွယ်ရေးတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုအခြေအနေကို မဇ္စျိမက သီးခြားအတည်ပြုချက်ရယူနိုင်ရန် ဆက်လက်စုံစမ်းနေသည်။

Black Wolf- Army တပ်ဖွဲ့သည် ရွှေဘိုမြို့နယ်အတွင်းအခြေစိုက်ကာ မဟာမိတ်တော်လှန်ရေး အင်အားစု များနှင့်ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေသည့် ကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်သည်။

စစ်ကောင်စီတပ်ကိုတိုက်ခိုက်မှုအရှိန်မြှင့်တင်ရန် စားနပ်ရိက္ခာနှင့် စစ်ဆင်ရေးဒရုန်းဝယ်ယူမည့် “ Project 300” အမည်ရှိ ကမ်ပိန်းကိုလုပ်ဆောင်နေပြီး ပြည်သူများ ပါဝင်ကူညီကြရန် မေတ္တာရပ်ခံထားသည်။

“ကျွန်တော်တို့ တိုက်ပွဲတွေဆက်တိုက်ဖော်ဆောင်နေတာကြောင့် တတ်နိုင်သမျှအကူညီပေးကြဖို့ ပြည်သူ တွေနဲ့ နိုင်ငံတကာက Fundraiser တွေကို မေတ္တာရပ်ခံပါတယ်” ဟု တပ်ဖွဲ့တာဝန်ရှိသူက ဆိုသည်။

ရွှေဘိုမြို့နယ်နှင့်အနီးတဝိုက်ရှိကျေးရွာများကို စစ်ကောင်စီတပ်က မကြာခဏ စစ်ကြောင်းထိုးပြီး နေအိမ် များအား မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်းများ လုပ်ဆောင်နေသည်။

လက်ရှိတွင်လည်း အင်အား ၉၀ ဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းသည် ရွှေဘိုမြို့ရှောင်လမ်းမှ တဆင့် အနီးအနားရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးနေကြောင်း ဒေသခံများထံက သိရသည်။

-ရွှေဘိုမြို့အနီးတွင် စစ်ကောင်စီစစ်ကြောင်း ဒရုန်းဖြင့် တိုက်ခိုက်ခံရသည့်ရုပ်သံဗီဒီယိုဖိုင်။ (Video-Black Wolf Army)

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly