အစ္စရေးအား တိုက်ခိုက်ရာ၌ ဟားမတ်က မိမိတို့ လက်နက်များ သုံးစွဲနေသည်ဆိုခြင်းအား မြောက်ကိုရီးယား ငြင်း

By The Straits Times
13 October 2023
အစ္စရေးအား တိုက်ခိုက်ရာ၌ ဟားမတ်က မိမိတို့ လက်နက်များ သုံးစွဲနေသည်ဆိုခြင်းအား မြောက်ကိုရီးယား ငြင်း
အစ္စရေးနှင့် ဟားမတ်စ်အဖွဲ့တို့ကြား ခြောက်ရက်ဆက်တိုက် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသဖြင့် ဂါဇာမြို့အားတွေ့ရစဉ် photo; AFP

အစ္စရေးအား တိုက်ခိုက်ရာတွင် ဟားမတ်စ်တို့က မိမိတို့ လက်နက်များ အသုံးပြုနေသည်ဆိုခြင်းနှင့် ပတ်သက်ပြီး မြောက်ကိုရီးယားက သောကြာနေ့တွင် ငြင်းဆန်ပြီး မီဒီယာများတွင် ဖော်ပြသော အဆိုပါ ပြောဆိုချက်များသည် ပဋိပက္ခအတွက် ခေါင်းရှောင်ရန်အတွက် အမေရိကန်က တတိယနိုင်ငံတနိုင်ငံအား အာရုံလွှဲခြင်းဟု ပြောဆိုသည်။

ပဋိပက္ခတိုက်ပွဲအတွင်းက ဓာတ်ပုံများအရ ဟားမတ်စ်တို့သည် F-7  ဒုံးကျည်များအပါအဝင် မြောက်ကိုရီးယား လက်နက်များကို အသုံးပြုနေပြုရသည်ဟု စစ်ရေးပညာရှင်များက ယခု သီတင်းပတ်တွင် ဆိုထားသည်။

ဟားမတ်စ်တို့သည် F-7 များကို သုံးစွဲနေသည်မှာ နှစ်အတော်ကြာနေ့ပြီဆိုသည့် သတင်းများ ရှိကြောင်း မြောက်ကိုရီးယား လက်နက်ရောင်းချမှုကို သုတေသနပြုလုပ်သည့် တက္ကဆက် Angelo State University တက္ကသိုလ်မှ ပါမောက္ခ ဘရုစ်ဘတ်ရှ်တောက ပြောသည်။

တိုက်ခိုက်မှု၌ မိမိတို့လက်နက်များ သုံးစွဲနေသည်ဆိုသော ပြောဆိုချက်များသည် “အခြေအမြစ် မရှိဘဲ မှားယွင်းသည့် ကောလဟလများ” ဖြစ်သည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းက ထုတ်ပြန်သည်။

“ဒါဟာ အမေရိကန်ရဲ့ မှားယွင်းတဲ့ မူဝါဒကြောင့် ဖြစ်ပွားရတဲ့ အရှေ့အလယ်ပိုင်း ပဋိပက္ခကို တတိယနိုင်ငံဆီ အပြစ်ဖို့တာပဲ၊ ဆိုးယုတ်တဲ့ အင်ပါယာအပေါ် နိုင်ငံတကာဝေဖန်မှုတွေကို ရှောင်လွှဲနိုင်အောင်လို့ပဲ”ဟု KCNA သတင်းက ဆိုသည်။

F-7 ဒုံးကျည်များမှာ ထိပ်ဖူးတွင် အနီရစ် ပါရှိခြင်းကြောင့် အလားသဏ္ဍာန်တူသော RPG များမှ အလွယ်တကူ ခွဲခြားနိုင်ကြောင်း ဥရောပသုတေသီများဖြစ်သည့် အိုလိုင်မန်းနှင့် မစ်ဇာတို့က ပြောသည်။

အစ္စရေးစစ်တပ်နှင့် အခြားသော လူမှုမီဒီယာအကောင့်များမှ ဖြန့်ဝေသည့် ဓာတ်ပုံများတွင် ထို အနီရစ်များကို ထင်သာမြင်သာ တွေ့ရသည်။

F-7 အပြင် မြောက်ကိုရီးယား၏ Bulsae-2 တင့်ကားပစ်ပဲ့ထိန်းဒုံးကျည်များကိုလည်း ၂၀၂၁ ထိပ်တိုက်တွေ့မှုများ၌ ဟားမတ်စ်တို့ အသုံးပြုခဲ့ပုံ ရှိကြောင်း ထို သုတေသီနှစ်ဦးက ယင်းအချိန်ကလည်း ပြောထားဖူးသည်။

ဟားမတ်စ်များ အသုံးပြုနေသည့် ဒုံးကျည်များ၏ ရင်းမြစ်နှင့် ပတ်သက်သော သတင်းများကို အတည်မပြုနိုင်ကြောင်း အမေရိကန် အမျိုးသား လုံခြုံရေးကောင်စီ ပြောခွင့်ရသူ ဂျွန်ကားဘီက ကြာသပတေးနေ့တွင် ပြောသည်။

ကိုရီးယား ကျွန်းဆွယ် အပါအဝင် ကမ္ဘာ့နေရာများက အမေရိကန်၏ လုံခြုံရေးမဟာဗျူဟာသည် အစ္စရေး-ဟားမတ်စ် ပဋိပက္ခကြောင့် သက်ရောက်လိမ့်မည်မဟုတ်ဟု ၎င်းက ထပ်လောင်းပြောသည်။

ဂါဇာ၌ သွေးထွက်သံယို သေဆုံးမှုများအတွက် မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာသည် ယခု သီတင်းပတ်အစောပိုင်းက အစ္စရေးကို အပြစ်ဆိုထားသည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly