အရပ်သားများ ထွက်ပြေးကြစဉ် ဂါဇာကို မြေပြင်ထိုးစစ်ဆင်ရန် အစ္စရေး အသင့်ပြင်

အရပ်သားများ ထွက်ပြေးကြစဉ် ဂါဇာကို မြေပြင်ထိုးစစ်ဆင်ရန် အစ္စရေး အသင့်ပြင်
Photo-AFP

နိုင်ငံသမိုင်းတွင် သွေးထွက်သံယိုအများဆုံးဖြစ်စေသော တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့သည့် ဟားမတ်စ်တို့ကို ချေမှုန်းရန် ရည်ရွယ်သည့် ဂါဇာ မြေပြင်ထိုးစစ်တရပ်အတွက် အစ္စရေးတပ်ဖွဲ့များက အောက်တိုဘာ ၁၅ ရက်တွင် အသင့်ပြင်နေခဲ့ကြသည်။

ဟားမတ်စ်က အစ္စရေးကို ရှောင်တခင် တိုက်ခိုက်မှုကြောင့် အစ္စရေးနိုင်ငံသား ၁,၃၀၀ ကျော် သေဆုံးခဲ့ရပြီးနောက် ရှစ်ရက်အကြာ ရောက်လာရာတွင် အစ္စရေးကလည်း ဂါဇာတွင် အကြီးအကျယ် ထိခိုက်ပျက်စီးစေသော ဗုံးကြဲတိုက်ခိုက်မှုများကို တုံ့ပြန်လုပ်ဆောင်ထားခဲ့သည့်အတွက် လူ ၂,၃၀၀ ကျော် သေဆုံးခဲ့ရသည်။

ဂါဇာမြို့ရှိ အဆောက်အအုံများတွင် ပျက်စီးမှုများ ရှိနေပြီး ပိတ်ဆို့ဝိုင်းရံခံ ဒေသရှိ ဆေးရုံများတွင်လည်း ထိခိုက်ဒဏ်ရာရသူ ထောင်ပေါင်းများစွာဖြင့် မနိုင်မနင်း ဖြစ်နေသည်။ သို့သော် နောက်ထပ် ပိုဆိုးမည့် အရာများ လာဦးမည် ဆိုပြီး စိုးရိမ်ပူပန်မှုများ ရှိနေသည်။

“သိသာထင်ရှားသည့် မြေပြင် စစ်ဆင်ရေးတရပ်” ပါဝင်မည့် ကုန်း၊ ရေ၊ လေ တိုက်ခိုက်မှု ဖြစ်မည်ဟု ဆိုသည့် စစ်ဆင်ရေး မတိုင်မီ လူ ၂ ဒသမ ၄ သန်း ရှိရာ ဂါဇာကမ်းမြှောင်ဒေသအပြင်ဘက်တွင် အစ္စရေးက ၎င်းတို့၏ တပ်ဖွဲ့ဝင်များကို စုစည်းထားရှိသည်။

ကျည်ကာအင်္ကျီ ဝတ်ထားသည့် ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုက စနေနေ့တွင် ရှေ့တန်း စစ်မြေပြင် တပ်ဖွဲ့ဝင်များထံ သွားရောက်ခဲ့ပြီး “ရှေ့မှာ ဖြစ်လာမယ့်အရာတွေအတွက် အဆင်သင့်ဖြစ်ပြီလား၊ နောက်ထပ် လာဦးမယ်” ဆိုပြီး ပြောခဲ့သည်။

အထူးတပ်ဖွဲ့များက ဂါဇာထဲ ချင်းနင်းဝင်ရောက်ထားခဲ့ပြီး ဟားမတ်စ်တို့ ခေါ်ဆောင်ထားခဲ့ဖွယ်ရှိသည့် ဓားစာခံ ၁၅၀ ဦးအနက် တချို့၏ အလောင်းများကို ရှာတွေ့ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောသည်။ ဓားစာခံ ဖမ်းဆီးခံရသူ ၁၂၀ ဦးကို မည်သူမည်ဝါ ခွဲခြားသိရှိထားပြီးဖြစ်ကြောင်း အစ္စရေးက ပြောသလို အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဓားစာခံ ၂၂ ဦး သေဆုံးကြောင်း ဟားမတ်စ်တို့က ပြောသည်။

မြေပြင်ထိုးစစ်တရပ်က ယခင်ကာလအတွင်း အီရတ်၏ မိုဆူးလ်နှင့် ဖယ်လူဂျာ ကို အကြီးအကျယ် ပျက်စီးစေခဲ့သည့် တအိမ်တက်ဆင်း တိုက်ခိုက်မှုမျိုးကဲ့သို့ ဖြစ်စေရန် ခြိမ်းခြောက်နေသလို ဟားမတ်စ်တို့၏ ကျယ်ပြောသော ဥမင်လိုဏ် ကွန်ရက်ကြောင့်လည်း ခက်ခဲရှုပ်ထွေးစေမည် ဖြစ်သည်။

ဂါဇာမြောက်ပိုင်းမှ ထွက်ခွာကြရန် ပါလက်စတိုင်းပြည်သူ ၁ ဒသမ ၁ သန်း ခန့်ကို အစ္စရေးက သတိပေးခဲ့သည် ဖြစ်ရာ ယင်းနောက်ပိုင်းမှစပြီး မတန်မဆ တင်ထားသည့် ကားများ၊ ထရပ်ကားများနှင့် မြည်းလှည်းများဖြင့် မိသားစုများသည် တောင်ပိုင်းသို့ ဦးတည်ထွက်ခွာမှုများ ရှိနေကြသည်။

၎င်းတို့ကို “လူသားဒိုင်း” အဖြစ် အသုံးပြုရန်အလို့ငှာ ဂါဇာမြောက်ပိုင်းမှ ထွက်ပြေးခြင်း မရှိစေရန် ဟားမတ်စ်တို့က ပိတ်ဆို့နေကြောင်း အစ္စရေးက စွပ်စွဲထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly