မြေပြင်ထိုးစစ်အတွက် အစ္စရေး ပြင်ဆင်နေချိန် ပဋိပက္ခ ပြန့်နှံ့လာမည်ကို ပူတင် သတိပေး

မြေပြင်ထိုးစစ်အတွက် အစ္စရေး ပြင်ဆင်နေချိန် ပဋိပက္ခ ပြန့်နှံ့လာမည်ကို ပူတင် သတိပေး
Photo-AFP

အစ္စရေးသည် မြေပြင်ထိုးစစ်အတွက် ပြင်ဆင်နေခြင်းကြောင့် ဟားမတ်စ် ပစ်မှတ်များအား ဗုံးကြဲတိုက်ခိုက်လျက် ရှိနေချိန် ပဋိပက္ခက အရှေ့အလယ်ပိုင်း လွန်၍ ပြန့်နှံ့လာမည်ကို ရုရှက သတိပေးလာသည်။  

သိမ်းပိုက်ခံ ဂါဇာကမ်းမြောင်သို့ အရေးကြီးသော လူသားချင်း စာနာထောက်ထားရေး အကူအညီများ ပေးပို့မည့် စိတ်ချရသည့် အစီအစဉ်များကိုလည်း ကမ္ဘာ့အင်အားနိုင်ငံများက ဖော်ဆောင်နိုင်ခြင်း မရှိကြပေ။

အောက်တိုဘာ ၇ ရက်က အစ္စရေးအား ပါလက်စတိုင်း ဟားမတ်စ်တို့၏ တိုက်ခိုက်မှုမှ စတင်သည် စစ်ပွဲအလွန်အား မှတ်ချက်ပြုရာ၌ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အနာဂတ်သည် အစ္စရေးနှင့် ပါလက်စတိုင်းတို့ ဘေးချင်းယှဉ်လျက် ရှိနေသင့်ကြောင်း ဗုဒ္ဓဟူးနေ့တွင် ပြောဆိုသည်။

“အစ္စရေးနဲ့ ပါလက်စတိုင်းတို့ဟာ ဘေးကင်းပြီး ဂုဏ်သိက္ခာရှိရှိနဲ့ ငြိမ်းချမ်းစွာ ယှဉ်လျက် နေထိုင်သွားကြဖို့ တန်းတူညီမျှ ထိုက်တန်တယ်”ဟု အလည်အပတ် ရောက်ရှိသော ဩစတြေးလျ ဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘာနက်စ်နှင့် ဝါရှင်တန်တွင် ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ ဘိုင်ဒင်က ပြောသည်။

လူပေါင်း ၁,၄၀၀ သေဆုံးပြီး နိုင်ငံသားမျိုးစုံ ဓားစာခံ ၂၀၀ ကျော် ဖမ်းဆီးထားသည့် ဟားမတ်စ်တို့၏ အစ္စရေးတောင်ပိုင်းအား တိုက်ခိုက်မှုသည် အစ္စရေးနှင့် ဆော်ဒီအာရေဗျကြား ပုံမှန်ဆက်ဆံရေး ထူထောင်မည်ကို တားဆီးရန်က တခုတည်းသော အကြောင်းရင်းဟု ယုံကြည်ကြောင်း ဘိုင်ဒင်က ပြောသည်။

ရုရှသမ္မတ ဗလာဒီမာ ပူတင်က ပဋိပက္ခသည် အရှေ့အလယ်ပိုင်းကို ကျော်လွန်၍ ပြန့်နှံ့လာနိုင်ကြောင်း သတိပေးပြီး ဂါဇာရှိ အပြစ်မဲ့ အမျိုးသမီးများ၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများကို အခြားသူများ ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် အပြစ်ပေးခြင်းသည် မှားယွင်းကြောင်း ပြောဆိုသည်။

“ဒီကနေ့ ကျွန်တော်တို့ရဲ့ လုပ်ငန်းစဉ်၊ အဓိက လုပ်ငန်းစဉ်ဟာ သွေးထွက်သံယိုမှုတွေနဲ့ အကြမ်းဖက်မှုတွေကို တားဆီးဖို့ပဲ ဖြစ်တယ်”ဟု ဘာသာအသီးသီးမှ ရုရှဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံရာ၌ ပူတင်က ပြောကြောင်း ကရင်မလင် မှတ်တမ်းအရ သိရသည်။

“ဒီလိုမှ မဟုတ်ရင်တော့ ပဋိပက္ခ နောက်ထပ် အရှိန်မြင့်တာဟာ သေခြင်းတရားတွေ၊ အလွန် အန္တရာယ် ရှိနေတာတွေနဲ့ ပျက်စီးဆုံးရှုံးမှုတွေနဲ့ တင်းကြမ်း ပြည့်နေမှာ ဖြစ်ပါတယ်၊ ဒါဟာ အရှေ့အလယ်ပိုင်းမှာတင်မကဘူး၊ အရှေ့အလယ်ပိုင်းရဲ့ နယ်စပ်တွေကို ကျော်လွန်ပြီး ပြန့်နှံ့လာနိုင်တယ်”ဟု ပူတင်က ပြောဆိုခဲ့သည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required