ဘတ်စ်ကားပေါ်တွင် “ကြယ်” သီချင်း သီဆိုကာ စစ်အာဏာရှင်အား တော်လှန်နေသည့် ရဲဘော်နှင့်ပြည်သူများကို ဂုဏ်ပြု

By ဂန္ဒမာ (မဇ္ဈိမ)
31 October 2023
ဘတ်စ်ကားပေါ်တွင် “ကြယ်” သီချင်း သီဆိုကာ စစ်အာဏာရှင်အား တော်လှန်နေသည့် ရဲဘော်နှင့်ပြည်သူများကို ဂုဏ်ပြု

ရန်ကုန်မြို့ရှိ ဘတ်စ်ကားလိုင်းတခုပေါ်တွင် တော်လှန်ရေးသီချင်းတပုဒ်ဖြစ်သည့် “ကြယ်” သီချင်းကို တော်လှန်ရေးအင်အားစုလူငယ်များက သီဆိုကာ စစ်အာဏာရှင်အား တော်လှန်နေသည့်ရဲဘော်နှင့်ပြည်သူများကို ဂုဏ်ပြုခဲ့ကြောင်း သိရသည်။ 

အဆိုပါလှုပ်ရှားမှုအား အောက်တိုဘာ ၃၀ ရက်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်ကာ “ကြယ်”သီချင်း သီဆိုရသည့်ရည်ရွယ်ချက်ကို North Dagon Oppressed People's Strike Coalition-NDOPSC အဖွဲ့အတွင်းရေးမှူး ကိုခန့်သူရအောင်က “စစ်အာဏာရှင်စနစ်ကို တော်လှန်တိုက်ခိုက်ရင်း အသက်ပေးလှူသွားတဲ့ ရဲဘော်တွေ အခုလက်ရှိအသက်တွေ ဘဝတွေ ပေးဆပ်တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေ ပြည်သူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ သီဆိုခဲ့တာဖြစ်ပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

အဆိုပါလှုပ်ရှားမှုအား လူထုကြားတွင် ပြုလုပ်ခဲ့ရခြင်းကြောင့် အခက်အခဲရှိပြီး ရဲဘော်များမှာ စစ်ကောင်စီ၏ အန္တရာယ်ကြားမှ အကောင်းဆုံးဖော်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။ လှုပ်ရှားမှုလုပ်ဆောင်နေစဉ်အတွင်း ပြည်သူလူထုအနေဖြင့် တော်လှန်ရေးကို မေ့လျော့မှုမရှိခြင်း၊ တော်လှန်ရေးနှင့် ပတ်သက်သည့် ခံစားချက်များရှိနေခြင်းတို့ကို ရဲဘော်များမြင်တွေ့ခဲ့ရသည့်အတွက်လည်း အားတက်မိကြောင်း ဆိုသည်။ 

လက်ရှိတွင် မြောက်ပိုင်းမဟာမိတ်ညီနောင်(၃)ဖွဲ့က ဆင်နွှဲနေသော “၁၀၂၇” စစ်ဆင်ရေးကိုလည်း ထောက်ခဲ့အားပေးပြီး ပြည်သူများအနေဖြင့်လည်း စစ်အာဏာရှင်စနစ်ပြုတ်ကျရေးတွင် ဆက်လက်ပူးပေါင်းပါဝင်ကြရန် ရန်ကုန်မြို့ရှိ  တော်လှန်ရေးအင်အားစုလူငယ်များက တိုက်တွန်းသည်။ 

နွေဦးတော်လှန်ရေးကို ထင်ဟပ်ပြသနိုင်စေမည့် “ကြယ်”သီချင်းအား ၂၀၂၃ ခုနှစ် သြဂုတ်လက တယောဖိုးစံ ဦးဆောင်ကာ ထိုင်းနိုင်ငံ၊ နယ်စပ်မြို့တနေရာသို့ မြန်မာပြည်၏ နိုင်ငံရေးအခြေအနေ၊ မြန်မာစစ်ကောင်စီတပ် ၏ အကြမ်းဖက်မှုများကြောင့် ပြောင်းရွှေ့ခိုလှုံနေထိုင်နေရသူများထဲမှ တယောသမား(၄၀) ကို စုစည်းပြီး တယောအော်ဂတ်စထရာပုံစံ ပြန်လည်တီးခတ်ဖူးသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required