ဖိလစ်ပိုင်က ရထားလမ်းစီမံကိန်း ၃ ခုအတွက် တရုတ်၏အထောက်အပံ့ ဆက်မျှော်လင့်၍ မရနိုင်တော့

ဖိလစ်ပိုင်က ရထားလမ်းစီမံကိန်း ၃ ခုအတွက် တရုတ်၏အထောက်အပံ့ ဆက်မျှော်လင့်၍ မရနိုင်တော့

ဖိလစ်ပိုင်သည် သမ္မတဟောင်း ရိုဒရီဂိုဒူတာဒေးက ညှိနှိုင်းအကောင်အထည်ဖော်ပေးခဲ့သော ရထားလမ်းစီမံကိန်း ၃ ခုအတွက် ငွေကြေးအကူအညီကို တရုတ်ထံမှ မျှော်လင့်၍ ရနိုင်တော့မည် မဟုတ်ကြောင်း The Diplomat က ဖော်ပြသည်။

တရုတ်နိုင်ငံသည် စီမံကိန်းများကို စိတ်ဝင်စားမှု မရှိတော့ပုံပေါ်ကြောင်း ဖိလစ်ပိုင် သယ်ယူပို့ဆောင်ရေးဝန်ကြီး ဂျိုင်မေဘော်တစ်စတာက မနီလာမြို့၌ကျင်းပသော ဂျာမန်နှင့် ဖိလစ်ပိုင် စီးပွားရေးလုပ်ငန်းရှင်များ ဖိုရမ်တွင် ပြောကြားခဲ့သည်။

ဆုံးဖြတ်ချက်သည် တောင်တရုတ်ပင်လယ်တွင် တရုတ်နှင့် ဖိလစ်ပိုင်တို့ကြား မကြာသေးမီက ဖြစ်ပွားခဲ့သော ရန်ပွဲအရှိန်နှင့် မသက်ဆိုင်ကြောင်း ဘောတစ်စတာက ပြောသည်။ ဖိလစ်ပိုင်ရေယာဉ်သည် လွန်ခဲ့သည့် သီတင်းပတ်က စပရတ်လေကျွန်းစုရှိ Second Thomas ခေါ် ရေတိမ်သောင်ခုံတွင် တပ်စွဲထားသော တပ်ဖွဲ့ဝင်များအတွက် ရိက္ခာများ ပေးပို့ရန်သွားစဉ် တရုတ်သင်္ဘောနှင့် တိုက်မိမှု ဖြစ်ပွားခဲ့သည်။

ပထမစီမံကိန်းမှာ မနီလာမြို့တောင်ဘက် ကီလိုမီတာ ၃၈၀ အကွာရှိ ကာလမ်ဘာမှ လူဇွန်ကျွန်းတောင်ဘက်စွန်းရှိ ဘီကောပြည်နယ်ထိ ကီလိုမီတာ ၃၈၀ ခရီးကို ပြေးဆွဲမည့် ပီဆို ၁၄၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံ) တန်ဖိုးရှိ ရထားလမ်းဖြစ်ပြီး ဒုတိယတစ်ခုမှာ ဖိလစ်ပိုင်တောင်ပိုင်း မင်ဒါနောင်ကျွန်းရှိ ၈၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၅ ဘီလီယံ) တန်ဖိုးရှိ ကီလိုမီတာ ၁၀၀ အကွာအဝေးရှိသော ခရီးသည်ပို့ဆောင်ရေးလိုင်းဖြစ်ကြောင်း အယ်ဒီတာ စီဘက်စ်တီယန် စထရန်ဂျီယိုက The Diplomat တွင် ရေးသားထားသည်။

တတိယတစ်ခုမှာ Subic Bay နှင့် Clark ဆိပ်ကမ်းဇုန်များကို ဆက်သွယ်ထားသည့် ၇၁ ကီလိုမီတာရှည်လျားသော ကုန်စည်ပို့ဆောင်ရေး ရထားလမ်းဖြစ်ပြီး ပီဆို ၅၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၈၉၆ သန်း) ကုန်ကျမည်ဟု ခန့်မှန်းရသည်။

ထိုရထားလမ်းစီမံကိန်းများသည် ငွေကြေးအကန့်အသတ်မဲ့ရရှိပုံပေါ်သည့် တရုတ်၏ ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း (BRI) အပေါ် များစွာမှီခိုနေပြီး ဒူတာဒေး၏တည်ဆောက်ရေးဖွံ့ဖြိုးမှုစီမံကိန်းများတွင် အပါအဝင်ဖြစ်သည်။

သို့သော် ဒူတာဒေး၏ တရုတ်လိုလားသောမူအရ စီမံကိန်းများသည် မည့်သည့်အခါမျှ အငြင်းပွားစရာ မရှိခဲ့ပေ။ ကန့်ကွက်သူများက မြင့်မားသော အတိုးနှုန်းများနှင့် ဖိလစ်ပိုင်တောင်းဆိုသည့် တောင်တရုတ်ပင်လယ်အတွင်း တရုတ်၏အဆက်မပြတ်ချဉ်းနင်းဝင်ရောက်မှုကို ထောက်ပြခဲ့ကြကြောင်း ဆောင်းပါးရှင်က ပြောသည်။

ဖာဒီနန်မားကို့စ်ဂျူနီယာ သမ္မတတာဝန်ယူပြီး တစ်လအကြာ ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် ရထားလမ်းပို့ဆောင်ရေး ဒုဝန်ကြီး ဆီဇာချာဗက်က တရုတ်နိုင်ငံသည်  စီမံကိန်းများအတွက် ပဏာမလေ့လာမှုများတွင် ရင်းနှီးမြှပ်နှံထားသော်လည်း ဆန်ခါတင်ကန်ထရိုက်တာများကို ငွေကြေးထောက်ပံ့ခြင်းမရှိသောကြောင့် အဆိုပါစီမံကိန်းများအတွက် ဘဏ္ဍာငွေထောက်ပံ့မှုအစီအစဉ်ကို ယခင်လက ဖျက်သိမ်းလိုက်ကြောင်း The Diplomat သတင်းက ဖော်ပြခဲ့သည်။

တရုတ်သည် မားကို့စ်အစိုးရ၏ နိုင်ငံရေးအရဆုတ်ခွါမှုကို မျှော်လင့်ထားပြီး စီမံကိန်းများကို ဆိုင်းငံ့ထားရန် ရွေးချယ်လိုက်ခြင်းဖြစ်ကြောင်း စထရန်ဂျီယိုက ပြောသည်။

အန္တရာယ်များသောဒေသများရှိ အကြီးစားအခြေခံအဆောက်အအုံစီမံကိန်းများကို ပံ့ပိုးပေးရန် တရုတ်ဘဏ်များ၏ စိတ်အားထက်သန်မှု လျော့နည်းလာခြင်းကို ပြသခြင်းလည်း ဖြစ်နိုင်သည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

တရုတ်သည် အာရိုရိုလက်ထက်ကလည်း ရထားလမ်းစီမံကိန်းတစ်ခုကို အောင်မြင်အောင်မလုပ်ဆောင်နိုင်ခဲ့ပေ။ ဖိလစ်ပိုင်၏ ဘက်ပေါင်းစုံဗဟိုပြုသောနိုင်ငံရေးဖွဲ့စည်းပုံနှင့် များပြားလှသော ကြိုးနီစနစ်များက  အကြီးစားအခြေခံအဆောက်အအုံများ တည်ဆောက်ရန် အခက်တွေ့စေကာ ယင်းက စီမံကိန်းများရပ်နားရခြင်း၏ အကြောင်းရင်းတစ်ခုလည်း ဖြစ်နိုင်ပေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required