ကော့ကရိတ်တိုက်ပွဲအတွင်း အရပ်သား ၉ ဦး သေဆုံး

By YT  ( မဇ္ဈိမ)
31 October 2023
ကော့ကရိတ်တိုက်ပွဲအတွင်း အရပ်သား ၉ ဦး သေဆုံး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၌ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီတပ်​၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် အရပ်သားကိုးဦး ထိမှန်သေဆုံးခဲ့ကြောင်း ဒေသခံများထံက သတင်းရရှိသည်။ 

"စစ်ကောင်စီက လက်နက်ကြီးပစ်လို့ ထိတာတွေချည်းပဲ။ သေတာက ကိုးယောက်၊ ကလေးရော လူကြီးရော အစုံပဲ။ ရပ်ကွက်ချင်းအလိုက်တော့ စာရင်းပြုစုနေတုန်းပဲ၊ ဒဏ်ရာရတာတော့ ၂၀ ကျော်ရှိတယ်" ဟု ကော့ကရိတ်မြို့မှ သတင်းရင်းမြစ်တဦးက မဇ္ဈိမကိုပြောသည်။

ကော့ကရိတ်မြို့တွင်း၊ မြို့ပြင်ရှိ စစ်ကောင်စီအထိုင်ချနေရာများအား တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့များက ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့ နှစ်ရက်ဆက်တိုက် သွားရောက်တိုက်ခိုက်ခဲ့သော တိုက်ပွဲဖြစ်စဉ်များအတွင်း စစ်ကောင်စီတပ်စခန်းများ​၏ လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုများကြောင့် အရပ်သားများ ထိခိုက် သေဆုံးခြင်းဖြစ်သည်။ 

ဒေသတွင်း သတင်းရင်းမြစ်​၏ ပြောကြားချက်အရ စစ်ကောင်စီတပ်များ​၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် လက်နက်ကြီးထိမှန်သေဆုံးသူ ကိုးဦးရှိပြီး ထိခိုက်ဒဏ်ရာရသူ ၂၀ ကျော် ရှိကာ အဆိုပါ အရေအတွက်အတွင်း ကလေးငယ်များနှင့် အမျိုးသမီးများ ပါဝင်ကြောင်း၊ စာရင်းအတိအကျကိုမူ စာရင်းပြုစုနေဆဲဖြစ်ကြောင်း သိရသည်။ 

" လက်နက်ကြီးထိပြီးတာနဲ့ ပထမဆုံး မဘသက ဘုန်းကြီးတွေ ပျူစောထီးတွေ အရင်ဆုံးရောက်လာတာပဲ။ ပြီးမှ လူနာတင်ကားက ရောက်တာ။ ကျည်အစတွေကို မဘသ ဘုန်းကြီးတွေက ပြန်ကောက်ယူသွားတယ်။ လက်စဖျောက်တဲ့သဘောပေါ့" ဟု အခြားဒေသတွင်းသတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။ 

လက်ရှိအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိတော့သော်လည်း တော်လှန်ရေးအင်အားစုများက မြဝတီ- ကော့ကရိတ် အာရှလမ်းပေါ်တွင် ခရီးသွားယာဉ်များအား စစ်ဆေးမှုတို့ ပြုလုပ်နေပြီး စစ်ကောင်စီတပ်၊ ကရင်နယ်ခြားစောင့်တပ် (BGF)၊ KNU/ KNLA (PC) များကလည်း ကော့ကရိတ်မြို့နယ်အတွင်းသို့ စစ်အင်အား ဖြည့်တင်းလျက်ရှိရာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေသည့် ဒေသခံများအနေဖြင့် နေရပ်တွင် ပြန်လည်နေထိုင်ရန် မဖြစ်နိုင်ကြသေးကြောင်း သိရသည်။ 

" အခုထိတော့ ပြန်မနေရဲသေးဘူး။ စစ်ကားတွေကလည်း မြို့ထဲ ဝင်ထွက်သွားလာနေတုန်းတဲ့။ တိုက်ပွဲပြန်ဖြစ်လို့ ထပ်ပြေးရရင် မချောင်ဘူး" ဟု တံတားဦးရပ်ကွက်မှ ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။ 

ထို့ပြင် အဆိုပါ နှစ်ရက်တာ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်တွင် ဒု- တပ်ရင်းမှူးတဦးအပါအဝင် ၄၀ ကျော် သေဆုံး၍ ထိခိုက်ဒဏ်ရာရသူ များကြောင်း၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်တွင်လည်း ရဲဘော် ငါးဦး ကျဆုံး၍ ထိခိုက်ဒဏ်ရာရသူ ရှိကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly