၁၀၂၇ စစ်ဆင်‌ရေးတွင် ဒေသပေါင်းစုံမှ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့များ တပြိုင်နက်ဝင်တိုက်ကြရန် မြောက်ပိုင်းမဟာမိတ်၃ဖွဲ့ တိုက်တွန်း

By မဇ္ဈိမ 
31 October 2023
၁၀၂၇ စစ်ဆင်‌ရေးတွင် ဒေသပေါင်းစုံမှ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့များ တပြိုင်နက်ဝင်တိုက်ကြရန် မြောက်ပိုင်းမဟာမိတ်၃ဖွဲ့ တိုက်တွန်း
Photo/ Operation 1027 - 3BHA

၁၀၂၇ စစ်ဆင်‌ရေးအဖြစ် စစ်ကောင်စီပစ်မှတ်များကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး အခြားသော တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် စစ်ကောင်စီတပ်စခန်းများ၊ စစ်ဖက်နှင့် သက်ဆိုင်သောစခန်းများကို တပြိုင်နက်တည်း ဝင်တိုက်ကြရန် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က တိုက်တွန်းလိုက်သည်။

စစ်ဆင်‌ရေးငါးရက်မြောက်နေ့ဖြစ်သော ယနေ့ အောက်တိုဘာလ ၃၁ရက် ညနေ  ၄နာရီခန့်တွင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က သတင်းထုတ်ပြန်တိုက်တွန်းခြင်းဖြစ်သည်။

" မိမိတို့၏ စစ်ဆင်ရေးနှင့်အတူ ဟန်ချက်ညီ ပူးပေါင်းစစ်ဆင်ရေးများကို အခြားသောမဟာမိတ်များအနေဖြင့်လည်း တပြိုင်နက်တည်း ဆင်နွှဲလာခဲ့ကြသည်ကိုတွေ့ရှိနေရသည်။ ဤသည်မှာ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေး အတွက် အကြိုနိမိတ်ပင်ဖြစ်သည်။ အခြားသော တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့်လည်း ဤကဲ့သို့သော ရတောင့်ရခဲ၊ ကြုံတောင့် ကြုံခဲအခွင့်အရေးကို အမိအရဖမ်းဆုပ်ကိုင်ပြီး ကိုယ့်ဒေသအတွင်းရှိ စစ်ကောင်စီ၏ တပ်စခန်းများ၊ စစ်ဖက်နှင့် သက်ဆိုင်သောစခန်းများကို တပြိုင်နက်တည်း ဝင်တိုက်ကြရန် မိမိတို့ ညီနောင်မဟာမိတ်သုံးဖွဲ့မှ လေးလေး နက်နက် တိုက်တွန်းလိုက်ပါသည်" ဟု မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ထားသည်။

ယနေ့ စစ်ဆင်ရေးတွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ရက္ခိုင့်တပ်တော် (AA) ပူးပေါင်းစစ်ကြောင်းသည်  ကချင်ပြည်၊ လိုင်ဇာမြို့မှ  ၂၅ကီလိုမီတာခန့် ကွာဝေးသော မြစ်ကြီးနား-ဗန်းမော်ကားလမ်းမ အနီးရှိ စစ်ကောင်စီ၏ “ကန်တောင်ယန် (ဂန်‌ဒေါင်ယန်) စခန်း” ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဟု ထုတ်ပြန်ထားသည်။ ထိုတိုက်ပွဲ၌ စစ်ကောင်စီထံမှ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများနှင့် အလောင်းအချို့တကိုသိမ်းဆည်းရမိခဲ့ပြီး စစ်ကောင်စီ၏ခမရ (၃၈၇) တပ်ရင်းမှူးလည်း တိုက်ပွဲအတွင်း ကျဆုံးခဲ့သည်ဟု အသိပေးထားသည်။

ထို့အပြင်KIAနှင့်AAပူးပေါင်းတပ်ဖွဲ့သည် နမ္မတူမြို့နယ်၊ မုံးမော်၊ နမ့်ဟိုင်းရှိ စစ်ကောင်စီလက်အောက်ခံ ခလရ (၃၂၄) အား အပြီးသတ် ချေမှုန်းသိမ်းပိုက်ခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။

စစ်ဆင်ရေး ငါးရက်တာကာလအတွင်း ကိုးကန့်ပြည်နယ်၊ အထူးဒေသ (၁)မှ ချင်းရွှေဟော်နှင့် ဖောင်းဆိုင်မြို့ကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားကြောင်းနှင့် သိန္နီမြို့ကိုလည်း  ထိန်းချုပ်ထားဆဲဖြစ်သည်ဟု အသိပေးထားသည်။

၁၀၂၇ စစ်ဆင်ရေးကို မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ဖြစ်သည့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)၊တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) နှင့်ရက္ခိုင့်တပ်တော် (AA) တို့က ဦးဆောင်ကာအောက်တိုဘာလ ၂၇ ရက် နံနက်မှစတင်၍ စစ်ကောင်စီကို တိုက်ခိုက်နေသည်။စစ်ဆင်ရေးက်ိုကြိုဆိုထောက်ခံခဲ့ကြသော မြန်မာပြည်သူလူထုတရပ်လုံးနှင့် အဖွဲ့အစည်းအသီးသီး၊ လူပုဂ္ဂိုလ် တဦးချင်းစီကို များစွာကျေးဇူးတင်ပြီး စစ်ဆင်ရေးအောင်မြင်ရန်အတွက် လူထု၏ အားပေးထောက်ခံမှုနှင့် ဝန်းရံပံ့ပိုးမှုသည် အလွန်အရေးကြီး​သော​ကြောင့် ဆက်လက်ပူးပေါင်းပါဝင်ကြရန်မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ကြေညာချက်ထုတ်ပြန်ထားသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly