တရုတ်ဖမ်းဝရမ်းထုတ်ထားသည့် “ဝ”အရာရှိနှစ်ယောက်ကို စစ်ကောင်စီ ထပ်မံဝရမ်းထုတ်

By ဂျူချန်း (မဇ္ဈိမ)
18 October 2023
တရုတ်ဖမ်းဝရမ်းထုတ်ထားသည့် “ဝ”အရာရှိနှစ်ယောက်ကို စစ်ကောင်စီ ထပ်မံဝရမ်းထုတ်

တရုတ်က ဖမ်းဝရမ်းထုတ်ထားသည့် “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) မှ ထုတ်ပယ်ခံအရာရှိနှစ်ဦးအား စစ်ကောင်စီက  ထပ်မံ၍ ဝရမ်းထုတ်ပြန်လိုက်သည်။

“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအတွင်း အွန်လိုင်းလိမ်လည်မှုများ၊ လူကို သွေးဆောင်ဆွဲခေါ်မှုများ၊ ပြန်ပေးမှု များဖြင့် ချန်ရန်ပန်(ခ)ပေါက်အိုက်ပန်းနှင့် ရှောက်ရန်ပန်(ခ)ဟော်ချွင်ထင်ကို ရှမ်းပြည်နယ် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဟိုပန်ခရိုင်တရားရုံးက ဖမ်းဝရမ်းထုတ်ထားကြောင်း စစ်ကောင်စီလက်အောက်ခံ မြဝတီရုပ်မြင်သံကြားက ယနေ့ အောက်တိုဘာလ ၁၈ ရက် ညနေပိုင်းတွင် ကြေငြာခြင်းဖြစ်သည်။ 

၎င်းတို့နှစ်ဦးကို တရုတ်နိုင်ငံသားများ နစ်နာစေသည့် အွန်လိုင်းငွေလိမ်ခြင်းကို ဦးဆောင်လုပ်ကိုင်နေသည်ဟုဆိုကာ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနမှ အောက်တိုဘာ ၁၂ ရက်နေ့တွင် ဝရမ်းထုတ်ခဲ့ပြီး သတင်းပေးနိုင်သူကို ယွန် ၁၀၀,၀၀၀ မှ ၅၀၀,၀၀၀( မြန်မာငွေ သိန်း ၃၀၀ခန့်မှ သိန်း ၁,၅၀၀ခန့်) အထိ ပေးမည်ဟု ဆုငွေထုတ်ထားသည်။ 

အောက်တိုဘာ ၁၆ ရက်နေ့တွင် “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်မှ ဆောက်လုပ်ရေးဌာနမှူးကြီးဖြစ်သူ ပေါက်အိုက်ပန်း နှင့် မိုင်းလင်းခရိုင်မှူး ဟော်ချွင်ထင်တို့ကို ရာထူးမှ ထုတ်ပယ်ကြောင်း “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ဗဟိုကော်မတီကထုတ်ပြန်သည်။
ထို့နောက် စစ်ကောင်စီမှ ပေါက်အိုက်ပန်းနှင့် ဟော်ချွင်ထင်ကို အောက်တိုဘာ ၁၇ ရက်နေ့တွင်ထပ်မံ၍ ဝရမ်းထုတ်ပြန်ခြင်းဖြစ်သည်။

သို့သော်အဆိုပါအွန်လိုင်းလိမ်လည်မှုများတွင် စစ်ကောင်စီက ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေကြောင်း  အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာလ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။အကြမ်းဖက်စစ်တပ်အား မြန်မာနိုင်ငံတွင် နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုခင်းများနှင့် ငွေကြေးလိမ်လည်မှုများကို အဓိကဆောင်ရွက်ကျူးလွန်သူအဖြစ် ရှုတ်ချကြောင်းနှင့်အဆိုပါရာဇ၀တ်မှုများမှ ၎င်းတို့ရရှိထားသည့် တရားမဝင်ငွေကြေးစီးဆင်းမှုများကို ဖော်ထုတ်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လတ်တလောတွင်  တရုတ်နိုင်ငံသားများ အထိနာနေသည့် အွန်လိုင်းငွေလိမ်လုပ်ငန်းများအား နှိမ်နင်းရန် စစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ကိုတရုတ်က ဖိအားပေးလျက်ရှိသည်။ 

စာတည်း - အေးချမ်း
#mizzima
#တရုတ်
#ဖမ်းဝရမ်း
#UWSA
#စစ်ကောင်စီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required