တနိုင်ငံလုံးအနှံ့ မြေမြုပ်မိုင်းကြောင့်အရပ်သားထိခိုက်သေဆုံးမှုများဖြစ်ပေါ်နေကြောင်း UNOCHA ထုတ်ပြန်

By Spring
03 October 2023
တနိုင်ငံလုံးအနှံ့ မြေမြုပ်မိုင်းကြောင့်အရပ်သားထိခိုက်သေဆုံးမှုများဖြစ်ပေါ်နေကြောင်း UNOCHA ထုတ်ပြန်

မြန်မာ တနိုင်ငံလုံးအနှံ့ မြေမြုပ်မိုင်းကြောင့် အရပ်သားထိခိုက်သေဆုံးမှုများဖြစ်ပေါ်နေကြောင်း UNOCHA ထုတ်ပြန် 

မြန်မာနိုင်ငံတဝန်း နေပြည်တော်မှလွဲပြီး တိုင်းနဲ့ပြည်နယ်အားလုံးမှာ မြေမြှုပ်မိုင်းကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်နေကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေးမှူးရုံး (UNOCHA)က အောက်တိုဘာလ ၁ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

နေရာအနှံ ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက်ပစ္စည်းတွေ နဲ့ မြေမြှုပ်မိုင်းတွေကြောင့် သေဆုံးဒဏ်ရာရရှိသူများအနက် သုံးပုံတစ်ပုံကျော်ဟာ ကလေးငယ်တွေဖြစ်တယ်လို့ သိရပါတယ်။

အလားတူ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာ မြန်မာနိုင်ငံအတွင်း မြေမြှုပ်မိုင်းနဲ့ အခြာပေါက်ကွဲစေတဲ့ စစ်လက်နက်ပစ္စည်းများကြောင့် သေဆုံးဒဏ်ရာရရှိသူ (၃၉၀)ဦးရှိပြီး ၂၀၂၁ ခုနှစ်မှာ သေဆုံးထိခိုက်ဒဏ်ရာရရှိသူ (၂၈၄)ဦးရှိခဲ့ကြောင်း သိရပါတယ်။

နေရာသစ်တွေကို ပြောင်းရွှေ့ နေထိုင်ကြရတဲ့ ဒုက္ခသည်တွေဟာ ဖောက်ခွဲရေးပစ္စည်းတွေရဲ့ အန္တရာယ်နဲ့ ပိုမိုရင်ဆိုင်လာနေကြရပြီး၊ နေပြည်တော်ကလွဲလို့ ကျန်ဒေသတွေ အားလုံးမှာ မိုင်းဗုံးကြောင့် သေကြေထိခိုက်မှုတွေ တိုးလာနေတာ တွေရတယ်လို့လည်း ပြောပါတယ်။ 

ဒါ့အပြင် နိုင်ငံရေးအကျပ်အတည်းတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ပေါ်ပေါက်နေတဲ့ မြန်မာနိုင်ငံမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာကြရသူတွေ အပါအဝင် ပြည်တွင်းဒုက္ခသည် ၂ သန်းနီးပါး ရှိနေပြီး၊ စာနာမှုအကူအညီတွေ အရေးတကြီးလိုအပ်နေတယ်လို့ UNOCHA ကသတိပေးလိုက်ပါတယ်။

ပဋိပက္ခတွေနဲ့ မိုးသည်းထန်ရေကြီးမှုတွေကြောင့် နေရပ်စွန့်ခွာရမှုတွေ၊ အရပ်သားသေကြေထိခိုက်မှုတွေ၊ အိုးအိမ်ပျက်စီးမှုတွေ ကြုံနေရပြီး စာနာမှုအကူအညီ လိုအပ်ချက်တွေ ပိုမိုကြီးထွားလာနေတယ်လို့လည်း ကုသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးမှူးရုံး (UNOHA) ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

ပြည်တွင်းနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေကလည်း များပြားလာတဲ့ လိုအပ်ချက်တွေကို တုံ့ပြန်ကူညီနိုင်ဖို့ အရှိန်မြှင့်ဆောင်ရွက်နေကြပြီး ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်အတွင်း လူဦးရေ ၁ ဒသမ ၈ သန်းကျော်ကို အကူအညီတွေ ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ဝင်ရောက်ကူညီခွင့်ဆိုင်ရာနဲ့ စီမံအုပ်ချုပ်ရေးဆိုင်ရာ အကန့်အသတ်တွေ ကြောင့် ကယ်ဆယ်ရေးအကူအညီ ပေးဖို့အတွက် စီစဉ်ကြိုးစားထားတာတွေကို ကြာ မြင့်စွာနှောင့်နှေးစေတာ၊ ဒါမှမဟုတ် ရွှေ့ဆိုင်းရတာတွေ ဖြစ်ပေါ်စေပြီး ဘေးဒဏ်ခံရသူတွေနဲ့ နေရပ်စွန့်ခွာရသူတွေကို ပိုမိုထိခိုက်ခံစားရစေတယ်လို့လည်း အစီရင်ခံစာထဲမှာ ဖော်ပြပါတယ်။

လက်ရှိအချိန်အထိ လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ရေးအစီအစဉ်နဲ့ မိုခါမုန်တိုင်း တုံ့ ပြန်ကူညီရေး အရေးပေါ်ရန်ပုံငွေတောင်းခံလွှာ နှစ်ရပ်စလုံးမှာ ရန်ပုံငွေပြည့်မှီဖို့အတွက် များစွာလိုအပ်နေသေးပြီး စုစုပေါင်းလိုအပ်ချက်ရဲ့ ၂၈ ရာခိုင်နှုန်းသာ ရန်ပုံငွေရရှိထားတယ်လို့ ဆိုပါတယ်။

ပြည်တွင်းဒုက္ခသည် စခန်းတွေကိုပိတ်ပြီး နေရပ်ပြန်ခိုင်းနေတဲ့ စစ်ကောင်စီရဲ့ အစီအစဉ်ဟာ လက်ရှိလုံခြုံရေးအခြေအနေအရ အချိန်မတန်သေးသလို၊ ဒုက္ခသည်တွေ ဆန္ဒမပါတာကြောင့် စာနာမှုအကူအညီပေးရေး အဖွဲ့အစည်းတွေ စိုးရိမ်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

#politicalnews
#mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required