ထားဝယ်ခရိုင် ကျေးရွာ၌ စစ်ဘေးရှောင် ကလေးငယ် ၂၃၀ ဦးကျော်ကို ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုပေး

By ကိုရွှေမြိတ်(မဇ္ဈိမ)
19 October 2023
ထားဝယ်ခရိုင် ကျေးရွာ၌ စစ်ဘေးရှောင် ကလေးငယ် ၂၃၀ ဦးကျော်ကို ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုပေး

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်ထဲရှိ ကျေးရွာ တရွာတွင် ဒေါနတနင်္သာရီမှ ဒေသလိုအပ်ချက်အရ အသက် နှစ်နှစ်နှင့် အထက် ကလေးသူငယ်များကို သန်ကောင် တုပ်ကောင်နှင့် ပတ်သက်သော ကျန်းမာရေး အသိပညာပေး ဆွေးနွေးမှု အစီအစဥ်နှင့် စာသင်ကျောင်း နှစ်ခုမှ ကျောင်းနေအရွယ် ကလေးငယ်များကို ကျောင်းသုံးစာအုပ်များမျှဝေငှခြင်း အစီအစဥ်တို့ကို ပြုလုပ်ခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

အဆိုပါ အသိပညာရေးပေးရေး လှုပ်ရှားမှုတွင် သန်ချဆေး သောက်သုံးပြီးပါက သန်ကောင် တုပ်ကောင်များ မရှိတော့လျှင် ပုံမှန်ထက်ပိုပြီး အစာစား လာမှာ ဖြစ်ကြောင်း၊ အူများမှ အာဟာရဓာတ် စုပ်ယူမှုအား ပိုကောင်းလာမှာ ဖြစ်ကြောင်း CDM ဆရာ/ ဆရာမများက ပြောကြားခဲ့သည်။

"စားဖို့ဆန် မရှိပါဘူးဆိုနေမှ ဆရာမက အစာ ပိုစားဝင်လာအောင် လုပ်နေတယ်လို့ စစ်ဘေးရှောင် ကလေးငယ် တဦးက ထူးထူးခြားခြား ထပြောခဲ့တယ်" ဟု ဒေါနတနင်္သာရီ - စစ်ဘေးရှောင်များ အထောက်အကူပြုရေး အဖွဲ့မှ ကိုယွန်းနသန်က ပြောသည်။

အဆိုပါ ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်း အစီစဉ်တွင် ကလေးငယ် ၂၃၈ ဦးကို သန်ချဆေး တိုက်ကျွေးခဲ့ပြီး ယင်းကလေးငယ်များအထဲမှ ကျောင်းနေအရွယ် ကလေးငယ် ၁၉၈ ဦးကို တဦးလျှင် ဗလာစာအုပ်  ငါးအုပ်နှုန်းဖြင့် ၉၉၀ အုပ်ကို မျှဝေပေးခဲ့ကြောင်း ဒေါနတနင်္သာရီ - စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့ထံမှ သိရသည်။

လက်ရှိ ပညာရေးအပိုင်းတွင် Text Book တို့ သင်ထောက်ကူ ပစ္စည်းတို့နှင့် ကျွမ်းကျင်သည့် ပညာရေးဝန်ထမ်းများက စနစ်တကျ သင်ကြားပေး နိုင်သည့် လိုအပ်ချက်များရှိနေကြောင်း၊ ထိုအပြင် အွန်လိုင်းပေါ်က NUG ၏ လမ်းညွှန်မှုနှင့် သင်ရိုးညွှန်းတမ်းများကို pdf file များဖြင့် အဓိကထား သင်ကြားပေးနေရပြီး သင်ကြားပေးနေသည့် ဆရာ၊ ဆရာမများကလည်း ပညာသင်ကြားရေးအပိုင်းတွင် နားလည်သည့် ကျွမ်းကျင်သော အတတ်ပညာရှင်များ အင်အားနည်းနေ၍ စနစ်တကျနှင့် ထိထိရောက်ရောက် သင်ကြားနိုင်ရန်  အခက်အခဲရှိနေကြောင်း ကိုယွန်းနသန်က ဆို သည်။

တနင်္သာရီတိုင်းတွင် စက်တင်ဘာလအတွင်း နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေရသည့် စစ်ဘေးရှောင် ဦးရေ ၂၁,ဝဝဝ ကျော်ရှိသည်ဟု ဒေါနတနင်္သာရီ-စစ်ဘေးရှောင်များ အထောက်အကူ ပြုရေးအဖွဲ့က  အောက်တိုဘာလ ၁၄ ရက်က ထုတ်ပြန်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly