ဧရာဝတီတိုင်းတွင် မြို့နယ်အလိုက် ပြည်သူ့စစ်များ ဖွဲ့စည်းနေဟုဆို

By မင်းထက် (မဇ္စျိမ)
19 October 2023
ဧရာဝတီတိုင်းတွင် မြို့နယ်အလိုက် ပြည်သူ့စစ်များ ဖွဲ့စည်းနေဟုဆို
ဓာတ်ပုံ-မော်လမြိုင်ကျွန်းမြို့မှ ပြည်သူ့စစ်များ(ပုံဟောင်း)

ဧရာဝတီတိုင်းတွင် မြို့နယ်အလိုက် ပြည်သူ့စစ်ဖွဲ့စည်းမှုများနှင့် စုဆောင်းမှုများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဦးဆောင်၍ ပြုလုပ်နေကြောင်း ဒေသတွင်းတော် လှန်ရေးအင်အားစုများထံမှသိရသည်။

ထိုသို့ ပြည်သူ့စစ်ဖွဲ့စည်းနေမှုများကို ၂၀၂၂ ခုနှစ် အစောပိုင်းမှစတင်ကာ ပြုလုပ်နေခြင်းဖြစ်သည်ဟု မြို့နယ်ပြည်သူကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူတဦးကပြော သည်။

"ပျူတွေ၊ ပြည်သူ့စစ်တွေ ဖွဲ့နေတာတော့ကြာပြီ ၂၀၂၂ ထဲမှာတော့ တမြို့နယ်ကို ၁၀ ယောက် ၊၁၅ ယောက်လောက်ပဲ သင်တန်းခေါ်ပေးတာပေါ့။ အခုက လူပိုများလာပြီ"ဟု ၎င်းကဆိုသည်။

ယခုလပိုင်းများအတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့များမှ ဦးဆောင်၍ ခရိုင်အလိုက်ပြည်သူ့စစ်ဖွဲ့စည်းခြင်းများကို ခပ်စိပ်စိပ်ပြုလုပ်နေပြီး၊ တခရိုင်လျှင် ပြည်သူ့စစ် အင်အား ၂၅၀ ဦး ပြည့်မီအောင် ဖွဲ့စည်းနေသည်ဟု (ပကဖ)တာဝန်ရှိသူက ဆက်လက်ပြောသည်။

သို့သော် စစ်ကောင်စီတပ်ဖွဲ့များက ၎င်းတို့ဦးဆောင်ဖွဲ့စည်းထားသည့် ပြည်သူ့စစ်များကို စစ်သင်တန်းများပေးထားရုံမျှသာရှိကြောင်း၊ လက်ရှိအချိန်အထိ လက်နက်တပ်ဆင်ပေးထားခြင်းမရှိသေးကြောင်း တော်လှန်ရေးအင်အားစုများ၏ ပြောပြချက်အရ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့များမှဦးဆောင်၍ ပြည်သူ့စစ်ဖွဲ့စည်းရာတွင် စစ်မှုထမ်းဟောင်းများနှင့် မဘသများကို ငွေကြေးနှင့်စားစရာအချို့ပေး၍ စည်းရုံးမှုများနှင့် ဒေသခံပြည်သူများအား ပြည်သူ့စစ်တပ်ဖွဲ့ထဲသို့ မဝင်မနေရပုံစံဖြင့် ခြိမ်းခြောက်ပြောဆိုမှုများလည်းရှိနေသည်ဟု တော်လှန်ရေးအင်အားစုများကဆိုသည်။

"စိတ်ဓာတ်ရှိလို့ စစ်တပ်ကိုကြိုက်လို့ဝင်တဲ့လူက တော်တော်နည်းပါတယ်။ အုပ်ချုပ်ရေးမှူးတွေ ဖိအားပေးလို့ ဝင်ရတာတွေလည်းရှိတယ်။ များသောအားဖြင့်တော့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက ပြည်သူ့စစ်ခေါင်းဆောင်တွေပါ။ ဒီလူတွေကို ရှေ့တန်းလွှတ်၊ မလွှတ်တော့ ကျွန်တော်တို့လည်းတိတိကျကျမသိရပါဘူး"ဟု တော်လှန်ရေးအဖွဲ့ဝင်တဦးက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများကို ပြည်သူ့စစ်ဖွဲ့စည်းရန် လိုက်လံဖိအားပေးမှုများ ရှိနေသေးကြောင်း မြို့နယ်အသီးသီးရှိ ဒေသခံများကပြောသည်။

သြဂုတ်လ ၂၂ ရက်နေ့က ငွေဆောင်မြို့နယ်ခွဲ၊ ငွေဆောင်ကမ်းခြေမှ သဇင်ကျေးရွာအုပ်စု၊ သစ်ဖြူရွာစုသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသူ၊ ရွာသားများကို အစည်းအဝေးခေါ်ကာ ပြည်သူ့စစ်ဖွဲ့စည်းရန် ဖိအားပေးခဲ့ကြောင်း ဒေသခံတဦးကပြောသည်။

"တရွာကို ပြည်သူ့စစ် ငါးယောက် မဖြစ်မနေပေးရမယ်။ မပေးနိုင်ရင် သူတို့ကိုယ်တိုင် ဝင်ဆွဲမယ်လို့လည်းခြိမ်းခြောက်သွားတယ်" ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်တိုက်နယ်အတွင်းရှိ ကားလမ်းမတခုပေါ်တွင် ပြည်သူ့စစ်အင်အား ၁၀၀ ဦးခန့် အတန်းလိုက်ပြေးကာ လေ့ကျင့်ခန်းလုပ်နေခဲ့ကြသည်ဟုလည်း ဒေသခံများကပြောသည်။

အခြားမြို့နယ်များတွင်မူ ပြည်သူ့စစ်များစုဖွဲ့နေသည်ကို သိရှိရသော်လည်း ပေါ်ပေါ်ထင်ထင်မတွေ့ရကြောင်း ဧရာဝတီတိုင်း မြို့နယ်အသီးသီးရှိဒေသခံများက မဇ္စျိမကိုပြောသည်။

ထိုဖြစ်စဥ်များနှင့် ပတ်သက်၍ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးက "ဧရာဝတီတိုင်းကို PDF တွေ အလုံးအရင်းနဲ့ဝင်လာပြီး မြို့သိမ်းတိုက်ပွဲတွေလုပ်မှာကိုတွေးပူပြီး ကြိုတင်ပြင်ဆင်နေတဲ့ပုံရတယ်။ လက်နက်တပ်ဆင်ပေးတဲ့အထိလည်း ဖြစ်လာနိုင်ပါတယ်။ စစ်တပ်က အရင်ကနဲ့စာရင် အင်အားနည်းလာတော့ ပြည်သူ့စစ်တွေကို အားကိုးမယ့်သဘောပါ" ဟု သုံးသပ်ပြောဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required