အုတ်ဖိုတွင် ရဲမှဆက်ကြေးယူလုပ်သည့် လောင်းကစားဝိုင်းကို စစ်တပ်က ဖမ်းဆီးပြီး ၃၀၀,၀၀၀ ဖြင့် ပြန်ရွေးခိုင်း

By ရွှေနွယ်(မဇ္ဈိမ)
19 October 2023
အုတ်ဖိုတွင် ရဲမှဆက်ကြေးယူလုပ်သည့် လောင်းကစားဝိုင်းကို စစ်တပ်က ဖမ်းဆီးပြီး ၃၀၀,၀၀၀ ဖြင့် ပြန်ရွေးခိုင်း
ပုံအညွှန်း - သာယာဝတီခရိုင် လက်ပံတန်းမြို့မှလောင်းကစားဝိုင်းတခု(ပုံဟောင်း)

ပဲခူးတိုင်း၊ သာယာဝတီခရိုင် အုတ်ဖိုမြို့နယ်တွင် ရဲစခန်းမှ ဆက်ကြေးယူ၍ ရဲနှင့် ပျူစောထီးများ ဦးဆောင်ကျင်းပသော လောင်းကစားဝိုင်းအား စစ်ကောင်စီတပ်မှ ဝင်ရောက်ဖမ်းဆီးပြီး ဖမ်းဆီးခံရသူများကို တဦးလျှင် ငွေကျပ် ၃၀၀,၀၀၀ ကျပ်နှုန်းဖြင့် ပြန်ရွေးခိုင်းနေကြောင်း ဒေသခံများထံမှသိရသည်။

အုတ်ဖိုမြို့နယ် အိုးသည်ကုန်းမြို့ စခန်းမှူး ဦးခင်မောင်ထွေးနှင့် ရှမ်းရွာမှ ပျူစောထီးခေါင်းဆောင် ဦးဇော်မှိုင်းတို့ ဦးဆောင်၍ ရှမ်းရွာတောင်ပိုင်းတွင် ပြုလုပ်သည့် ကြက်ဝိုင်းအား အောက်တိုဘာ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် စစ်ကောင်စီတပ်မှ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း အုတ်ဖိုမြို့ဒေသခံတဦးမှ ပြောသည်။

“ခေါ်လိုက်ရော ကြက်တိုက်ဖို့လောင်းကစားလုပ်ဖို့ ခေါ်ပြီးရော စုံပြီလည်းဆိုရော ပိတ်ဖမ်းတာ ၃၇ ယောက်ပါတယ်” ဟု ဖြစ်စဉ်အားသိရှိသူ အုတ်ဖိုမြို့ ဒေသခံမှ မဇ္ဈိမကိုပြောသည်။

ထိုသို့ဖမ်းဆီးခံရသူများအား တဦးလျှင် ကျပ် ၃၀၀,၀၀၀ နှုန်းဖြင့် ပြန်ရွေးရန်နှင့် ပြန်မရွေးနိုင်ပါက အမှုဆင်ပုဒ်မတပ်၍ ဖမ်းဆီးမည်ဖြစ်ကြောင်း စစ်ကောင်စီတပ်မှပြောသည်ဟု အဆိုပါ ဒေသခံမှဆိုသည်။

"ဖမ်းတာ အုတ်ဖိုစကစတပ်က ဗိုလ်မှူးဖြိုးမင်းဦး၊ စခန်းမှူးနဲ့ပေါင်းပြီး အမှုမဖွင့်ရေးအတွက် ဆိုင်ကယ်ပေးလိုက်ရတယ်။ အမျိုးတယောက်ရဲ့ဆိုင်ကယ်လည်းပါသွားတယ်” ဟု အခြားသော အုတ်ဖိုမြို့ ဒေသခံတဦးမှလည်းပြောသည်။

ထိုသို့ဖမ်းဆီး၍ ငွေပေးလျှင်ပြန်လွတ်နေခြင်းမှာ ရဲနှင့်စစ်တပ်ပေါင်း၍ ငွေရရှိရန် ကြံစည်နေခြင်းဖြစ်ကြောင်း၊ ယခုဖမ်းဆီးခြင်းသည် ၂၀၂၃ ခုနှစ်အတွင်း ရဲမှဆက်ကြေးယူ၍ ပြုလုပ်သော လောင်းကစားဝိုင်းအား စစ်ကောင်စီတပ်ဝင်ဖမ်းသည်မှ သုံးကြိမ်မြောက်ဖြစ်ကြောင်း သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း(၃၈၀၂)၏ ပြန်ကြားရေးတာဝန်ခံမှ ပြောသည်။

“အခုတော့ ငွေပေးနိုင်သူပေး၊ ဆိုင်ကယ်ရှိသူဆိုင်ကယ်ပေးနဲ့ ပြန်ထုတ်နေကြတယ်။ ငွေလည်းပေးစရာမရှိ ဘာမှလည်းပေးစရာမရှိသူတွေကို တပ်ထဲဝင်ရမယ်ပြောတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၃၈၀၂) ၏ ပြန်ကြားရေးတာဝန်ခံမှဆိုသည်။

ပဲခူးတိုင်းအနောက်ခြမ်းမြို့နယ်အများစုတွင် စစ်အာဏာသိမ်းပြီးနောက် လောင်းကစားဝိုင်းများအား ရဲနှင့်စစ်ကောင်စီတပ်ထံ လိုင်းကြေး၊ ဆက်ကြေးပေးဆောင်၍ ပေါ်ပေါ်ထင်ထင်ပြုလုပ်လာကြခြင်းဖြစ်သည်။

အဆိုပါ လောင်းကစားဝိုင်းများအနီးတွင်လည်း ရဲနှင့် လက်နက်ကိုင်ပျူစောထီးဆိုသူများ လုံခြုံရေးယူပေးလေ့ရှိကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှသိရသည်။

မြို့နယ်အနှံ့တွင် အပတ်စဉ် လစဉ်လောင်းကစားဝိုင်းများ ပေါ်ပေါ်ထင်ထင်ကျင်းပနေကြသော်လည်း မည်သည့်စစ်ကောင်စီတပ်နှင့် ရဲကမျှ ဖမ်းဆီးအရေးယူမှုလုပ်ဆောင်ခြင်းမရှိကြောင်းလည်း ဒေသခံများမှပြောသည်။

လောင်းကစားဝိုင်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်မှလည်း စစ်ကောင်စီတပ်၏ ဝင်ငွေရလမ်းကြောင်းဖြစ်နေခြင်း၊ တရားမဝင်သည့်အပြင် လူထုအားအကျင့်ပျက်စေသည့် လုပ်ငန်းဖြစ်နေခြင်းတို့ကြောင့် အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း သတိပေးစာအကြိမ်ကြိမ်ထုတ်ပြန်ခြင်း၊ ဖောက်ခွဲတိုက်ခိုက်ခြင်းများပြုလုပ်ခဲ့သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly