စစ်ဘေးဒုက္ခသည်ခန်း ဗုံကြဲတိုက်ခိုက်ခံရမှု အာဆီယံထုတ်ပြန်ချက် စစ်ကောင်စီကန့်ကွက်

By မဇ္ဈိမ 
20 October 2023
စစ်ဘေးဒုက္ခသည်ခန်း ဗုံကြဲတိုက်ခိုက်ခံရမှု အာဆီယံထုတ်ပြန်ချက် စစ်ကောင်စီကန့်ကွက်

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဌာနချုပ်အနီးက မုန်လိုင်ခက်စစ်ဘေးဒုက္ခသည်စခန်း အောက်တိုဘာ ၉ ရက်နေ့က တိုက်ခိုက်ခံရပြီး ကလေးငယ်တွေအပါအဝင် အများအပြား သေဆုံးဒဏ်ရာရခဲ့တာဟာ ဗုံးကြဲတိုက်ခိုက်မှုကြောင့်ဖြစ်တယ်လို့ အာဆီယံက ပြောထားပါတယ်။

စစ်ဘေးဒုက္ခသည်တွေ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် အများအပြား သေဆုံးဒဏ်ရာရခဲ့တာနဲ့ ပတ်သက်ပြီး အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) က အလွန်ပဲ စိုးရိမ်ကြောင်းနဲ့ ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့တာကို စစ်ကောင်စီက အောက်တိုဘာ ၁၉ ရက်နေ့မှာ ကန့်ကွက်လိုက်ပါတယ်။

အာဆီယံရဲ့ ထုတ်ပြန်ချက်ထဲမှာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ဘေးဒုက္ခသည်တွေသေဆုံးခဲ့တယ်လို့ ပြောထားတာကို စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ကန့်ကွက်လိုက်တာပါ။ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သင်တန်းကျောင်းအနီး ခဲယမ်းသိုလှောင်ရုံပေါက်ကွဲခဲ့လို့ ဒုက္ခသည်တွေ သေဆုံးဒဏ်ရာရတာလို့ စစ်ကောင်စီက ပြောထားပါတယ်။ 

ဒါ့အပြင် အာဆီယံပဋိညာဉ်စာတမ်းပါ အချက်ကိုလေးစားဖို့နဲ့ အဖွဲ့ဝင် နိုင်ငံတစ်ခုရဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ဖို့ဆိုပြီး စစ်ကောင်စီက ပြောထားတာပါ။အာဆီယံရဲ့ ကြေညာချက်ထဲမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့ကိုထပ်မံ တောင်းဆိုထားပြီး အရပ်သား ပြည်သူတွေ မထိခိုက်အောင်ဆောင်ရွက်ဖို့ ပြောထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ငြိမ်းချမ်းမှုရှိဖို့နဲ့ အကျပ်အတည်းကိုဖြေရှင်းဖို့ အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ငါးချက်ကို အကောင်အထည်ဖော်ဖို့ပြောထားပြီး သက်ဆိုင်သူအားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတွေဖြစ်ဖို့လည်း အာဆီယံက တိုက်တွန်းထားတာပါ။

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)၊ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) နဲ့ ပြည်တွင်း၊ ပြည်ပ အရပ်ဘက်အဖွဲ့အစည်းတွေကလည်း မုန်လိုင်ခက် စစ်ဘေးဒုက္ခသည်တွေ သေဆုံးရတာဟာ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့်လို့ ပြောဆိုထားကြပါတယ်။

အောက်တိုဘာ ၉ ရက်နေ့က မုန်လိုင်ခက်ရွာက စစ်ဘေးဒုက္ခသည်စခန်း တိုက်ခိုက်ခံရမှုမှာ ကလေးငယ် ၁၁ ဦး အပါအဝင် ၂၉ ဦး သေဆုံးပြီး ဒုက္ခသည် ၅၇ ဦး ထိခိုက်ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။

အရပ်သားတွေကို အကြိမ်ကြိမ် ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အယုံအကြည်မရှိကြောင်းကိုလည်း အာဆီယံနိုင်ငံတွေက လွှတ်တော်အမတ်တွေ ပါဝင်ဖွဲ့စည်းထားတဲ့ APHR အဖွဲ့က ထုတ်ပြန်ပြောထားပါတယ်။

စစ်ကောင်စီတပ်က ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည် စခန်းကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့အချိန်မျိုးမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပရုံနဲ့ စစ်ကောင်စီက ငြိမ်းချမ်းရေး လိုလားနေတယ်ဆိုပြီး သက်သေပြဖို့ မလုံလောက်တာကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ထင်ယောင်ထင်မှား မဖြစ်ကြဖို့လည်း ပြောထားပါတယ်။
  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required