“ဟမွန်း”မုန်တိုင်းအရှိန်ကြောင့် ထန်တလန်မှ စစ်ဘေးရှောင်နေအိမ်အချို့ ပျက်စီး 

By ပါခွီး (မဇ္စျိမ)
26 October 2023
“ဟမွန်း”မုန်တိုင်းအရှိန်ကြောင့် ထန်တလန်မှ စစ်ဘေးရှောင်နေအိမ်အချို့ ပျက်စီး 
ပုံအညွှန်း - ချင်းပြည်နယ်တွင်မိုခါမုန်းတိုင်းတိုက်ခတ်စဥ်က ပျက်စီးခဲ့ပုံ (ပုံဟောင်း)

ဟမွန်းဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် မြန်မာနိင်ငံဒေသအချို့၌  လေပြင်းတိုက်ခတ်စဉ်ချင်းပြည်နယ်၊ထန်တလန်မြို့မှ   စစ်ဘေးရှောင်နေအိမ်အချို့ပျက်စီးခဲ့သည်။ 

ထန်တလန်မြို့တွင် အောက်တိုဘာလ ၂၄ရက် ည က လေပြင်း တိုက်ခတ်ခဲ့ပြီး ဘုံခွါစစ်ဘေးရှောင်စခန်းရှိအိမ် ၁၀လုံးခန့် ပျက်စီးသွားခဲ့သည်ဟု ထန်တလန်မြို့နယ်စစ်ဘေးရှောင်ကူညီရေးအဖွဲ့ -TPACမှ  တာဝန်ရှိသူတဦးက ပြောသည်။ 

“ကျနော်တို့ အခု အသေးစိတ်အခြေအနေတွေကို မြေပြင်မှာရှိတဲ့ ဝန်ထမ်းတွေက စာရင်းပြုစုနေဆဲဖြစ်ပါတယ်။ အဲဒါတွေရရင် သူတို့လိုအပ်တာတွေပေါ်မူတည်ပြီး ကျနော် တို့ဖက်က အကူအညီပေးနိုင်တဲ့အတိုင်းအတာနဲ့ ကူညီဖို့တော့ ရှိပါတယ်” ဟု TPAC တာဝန်ရှိသူက ဆိုသည်။ 

စခန်းအတွင်းရှိ နေအိမ်များမှာ မိုးကာများဖြင့် ဆောက်လုပ်ထားသောကြောင့် လုံလောက်သောကြံ့ခိုင်မှုမရှိဟု ဆိုသည်။အဆိုပါစခန်းတွင် ထန်တလန်မြို့မှ စစ်ဘေးရှောင်လာသူ အိမ်ခြေ ၁၂၀ကျော် နှင့် ကလေး၊ အမျိုးသမီးနှင့် မသန်စွမ်းအချို့အပါအဝင် လူဦးရေ ၅၀၀ ဝန်းကျင်ရှိပြီး ရေ ၊ စားနပ်ရိက္ခာနှင့် ဆေးဝါးလိုအပ်လျက်ရှိနေကြောင်း စစ်ဘေးရှောင်ကူညီရေးအဖွဲ့ကပြောသည်။ 

စစ်တပ်က နိုင်ငံတော်အာဏာသိမ်းယူပြီးနောက် ထန်တလန်မြို့တွင် ၂၀၂၁ခုနှစ် စက်တင်ဘာ ၁၈ရက်နေ့မှစ၍ တိုက်ပွဲများဖြစ်ပွားခဲ့သည်။ စစ်ကောင်စီကလည်း ထန်တလန်မြို့ကို အကြိမ်ကြိမ်တိုက်ခိုက်နေရာ ဒေသခံများ နေရပ်စွန့် ခွာခဲ့ကြရပြီး အနီးပတ်ဝန်းကျင်ရွာများနှင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ သွားရောက် ခိုလှုံနေကြရသည်။ 

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း ဟမွန်းကြောင့် အောက်တိုဘာလ ၂၂ရက်မှ ယနေ့ အောက်တိုဘာလ ၂၅ရက်အထိ မြန်မာနိုင်ငံဒေသအချို့၌ နေရာကွက်မိုးကြီးခဲ့ပြီး လေပြင်းကျခဲ့သည်။ဟမွန်းမုန်တိုင်းသည် ယမန်နေ့‌ အောက်တိုဘာလ ၂၅ရက်နံနက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းရိုးတန်းကို ဖြတ်ကျော်ပြီး အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်အတွင်းသို့ ကုန်းတွင်းမုန်တိုင်းအဖြစ်ဝင်ရောက်ကာ အားလျော့သွားပြီဖြစ်သည်။ 

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly