နယူးကာဆယ်အသင်းမှ တိုနာလီ လောင်းကစားလုပ်မှုအတွက် ၁၀ လ ကစားခွင့်ပိတ်ပင် - အီတလီဘောလုံးအဖွဲ့ချုပ်

By AFP
26 October 2023
နယူးကာဆယ်အသင်းမှ တိုနာလီ လောင်းကစားလုပ်မှုအတွက် ၁၀ လ ကစားခွင့်ပိတ်ပင် - အီတလီဘောလုံးအဖွဲ့ချုပ်

နယူးကာဆယ်အသင်းရဲ့ အီတလီလက်ရွေးစင်ကွင်းလယ်ကစားသမား ဆန်ဒရို တိုနာလီကို လောင်းကစားလုပ်မှုအတွက် ၁၀ လကြာ ဘောလုံးကစားခွင့် ပိတ်ပင်လိုက်ကြောင်း အီတလီဘောလုံးအဖွဲ့ချုပ် (FIGC) က ကြာသပတေးနေ့မှာ ပြောကြားပါတယ်။

အသက် ၂၃ နှစ်အရွယ် ကစားသမားဟာ အေစီမီလန်ကနေ ဆော်ဒီပိုင် နယူးကာဆယ်သို့ ပေါင် ၅၆ သန်း (ယူရို ၆၄ သန်း) ဖြင့် သမိုင်းတလျှောက် ကြေးအကြီးအဆုံး အီတလီကစားသမားအဖြစ် ဇူလိုင်လက ပြောင်းရွှေ့ခြင်းမပြုခင် သူ့ရဲ့အသင်းဟောင်း အေစီမီလန်နဲ့ ပတ်သက်တဲ့ ပွဲစဉ်တွေမှာ လောင်းကြေးထပ်ပြုလုပ်ခဲ့ကြောင်း တွေ့ရှိခဲ့တာပါ။

ဒီပိတ်ပင်မှုပြစ်ဒဏ်ကြောင့် တိုနာလီဟာ ပရီးမီးယားလိဂ် လက်ကျန်ရာသီနဲ့ အီတလီအသင်း ခြေစစ်ပွဲအောင်မြင်ပါက လာမယ့် နွေရာသီ ဥရောပချန်ပီယံရှစ်ပြိုင်ပွဲတို့ကို လွဲချော်မှာဖြစ်ပါတယ်။

သူဟာ မကြာသေးခင်က နိုင်ငံတကာကြားရက်ပွဲစဉ်တွေအတွင်း ပေါ်ပေါက်ခဲ့တဲ့ လောင်းကစားအရှုပ်တော်ပုံမှာ ဘောလုံးကစားခွင့်ပိတ်ပင်ခံရတဲ့ ဒုတိယမြောက် အီတလီကစားသမားဖြစ်ပါတယ်။

FIGC ရဲ့ စည်းကမ်းထိန်းသိမ်းရေးခုံရုံးဟာ ဒီလအစောပိုင်းမှာ ဂျူဗင်တပ်စ်အသင်းမှ နီကိုလို ဖာဂီယိုလီကို ခုနစ်လကြာ ပွဲပယ်ထားခဲ့ပါတယ်။

တိုနာလီရဲ့ အေးဂျင့်က သူ့ရဲ့ ကစားသမားဟာ လောင်းကစားစွဲလမ်းမှုရှိကြောင်း ဆိုခဲ့ပါတယ်။

နယူးကာဆယ်အသင်းနည်းပြ အက်ဒီဟောင်းက ကလပ်အနေနဲ့ သူ့ကို အပြည့်အဝထောက်ခံလိမ့်မယ်လို့ ပြောကြားပါတယ်။

"ဆန်ဒရိုကို ကျနော်တို့ရဲ့ လက်တွေနဲ့ ပွေ့ပိုက်ပြီး သူ့ကို ကာကွယ်မှာပါ။ သူ့မှာရှိနေတဲ့ ပြဿနာတွေကို အဖြေရှာဖို့ သူလိုအပ်တဲ့ ချစ်ခြင်းမေတ္တာနဲ့ ပံ့ပိုးကူညီမှုတွေ ပေးဖို့ ကျနော်တို့ ကြိုးစားမှာပါ"လို့ ဟောင်းက ပြီးခဲ့တဲ့ သောကြာနေ့မှာ ပြောပါတယ်။

"သူ့ကို ကျနော်တို့အသင်းမှာ နှစ်ပေါင်းများစွာကြာအောင် သူတစိတ်တပိုင်းဖြစ်နေတာကို ကျနော်တို့မြင်ပါတယ်။ ကျနော်တို့က သူ့အတွက် ရေရှည်ကတိတည်ပြုလိုက်ပါတယ်။"

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required