တောင်တရုတ်ပင်လယ်တွင်း ထိပ်တိုက်ဖြစ်မှုများကို ရှောင်လွှဲရန် ဘက်ပေါင်းစုံ ပါဝင်သည့် ကြိုးပမ်းမှုများ လုပ်ဆောင်ရန် ဖိလစ်ပိုင် ရည်မှန်း

By ရိုက်တာ
25 October 2023
တောင်တရုတ်ပင်လယ်တွင်း ထိပ်တိုက်ဖြစ်မှုများကို ရှောင်လွှဲရန် ဘက်ပေါင်းစုံ ပါဝင်သည့် ကြိုးပမ်းမှုများ လုပ်ဆောင်ရန် ဖိလစ်ပိုင် ရည်မှန်း
Photo-AFP

ဖိလစ်ပိုင်အနေဖြင့် တောင်တရုတ်ပင်လယ်၌ လွတ်လပ်စွာ ရေကြောင်းသွားလာ ကင်းလှည့်မှုများ အပါအဝင် ဘက်ပေါင်းစုံ ပါဝင်သည့် လုပ်ဆောင်ချက်များကို တိုးမြှင့်မည် ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးက အောက်တိုဘာ ၂၅ ရက်တွင် ပြောသည်။ ယခုသီတင်းပတ်အတွင်း တရုတ်နှင့် အခြေအတင်ဖြစ်ပြီးနောက် “မိမိတို့၏ ကြိုးပမ်းမှုအတွင်း နောက်ထပ် နိုင်ငံများ ပူးပေါင်းပါဝင်” မည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောသည်။

ဆယ်စုနှစ် နှစ်စုအကြာက ကျောက်ချရပ်ထားသည့် သင်္ဘောတစင်းပေါ်တွင် စခန်းချသည့် စစ်သားများထံ ထောက်ပို့မစ်ရှင်သွားသည့် သင်္ဘောတစင်းကို တရုတ်ကမ်းခြေစောင့်တပ်က တမင် ဝင်တိုက်ခဲ့ကြောင်း ဖိလစ်ပိုင်က ပြောကြားခဲ့ပြီး ယခုသီတင်းပတ်အစောပိုင်းတွင် ဖိလစ်ပိုင်နှင့် တရုတ်အကြား အပြန်အလှန် စွပ်စွဲမှုများနှင့်အတူ တင်းမာမှုများ မြင့်တက်ခဲ့သည်။

ဖိလစ်ပိုင်၏ အထူးစီးပွားရေးဇုန်ရှိ အငြင်းပွား ကျောက်တန်းအနီး ဖြစ်ပွားသော ဖြစ်စဉ်အပေါ် တရုတ်ဘက်ကလည်း အပြင်းအထန် ဝေဖန်ပြစ်တင်ခဲ့သည်။ တရုတ်သည် တောင်တရုတ်ပင်လယ် နယ်မြေတခုလုံးနီးပါးကို ပိုင်ဆိုင်ကြောင်း ပြောထားပြီး ယင်းပြောဆိုချက်က ဥပဒေ အခြေခံ မရှိဟု နိုင်ငံတကာ အနုညာတ တရားရုံးတခုက ဆုံးဖြတ်ထားသည်။

“တရုတ်နဲ့ ဖြစ်ခဲ့တဲ့ ပြီးခဲ့တဲ့ ဖြစ်စဉ်ကြောင့် မိမိတို့ရဲ့ ရင်ဆိုင်ကြိုးပမ်းမှုမှာ နောက်ထပ် နိုင်ငံတွေ ပူးပေါင်းပါဝင်လိုမှုတွေ ဖြစ်လာနိုင်ပါတယ်” ဟု ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီး ဂီလ်ဘတ်တို သီအိုဒိုရိုက  ရုပ်သံ အင်တာဗျူးတခုတွင် ပြောသည်။ အသေးစိတ်ကို ၎င်းက ပြောကြားခြင်း မရှိပေ။

ဖိလစ်ပိုင်နှင့် တရုတ်အကြား ဆက်ဆံရေးသည် ယခုနှစ်တွင် ယိုယွင်းနေခဲ့ပြီး ပင်လယ်ပြင်တွင် ထိပ်တိုက်ဖြစ်မှုများ ရှိနေသည်။ ယင်းသည် ဖိလစ်ပိုင်က အမေရိကန်နှင့် ဆယ်စုနှစ်များစွာကြာ စစ်ရေး မဟာမိတ်ပြုမှုကို တိုးမြှင့်လုပ်ဆောင်ခြင်းနှင့် တိုက်ဆိုင်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly