သေဒဏ်နဲ့ နှစ် ၂၀ အထက် ထောင်ဒဏ် ကျခံရသူတွေ ထောင်ဝင်စာတွေ့ခွင့်မရ

သေဒဏ်နဲ့ နှစ် ၂၀ အထက် ထောင်ဒဏ် ကျခံရသူတွေ ထောင်ဝင်စာတွေ့ခွင့်မရ

ကာလရှည်ကြာပိတ်ပင်ထားတဲ့ ထောင်ဝင်စာလူတွေ့ခွင့်ကို ပြန်လည်ခွင့်ပြုလိုက်ပေမယ့် သေဒဏ်၊ တသက်တကျွန်းနဲ့ နှစ် ၂၀ အထက် ထောင်ဒဏ်ကျခံရသူ တွေကိုတော့ ထောင်ဝင်စာတွေ့ခွင့် မပေးဘူးလို့ နိုင်ငံရေးအကျဉ်းသားတွေကို ကူညီနေသူတွေကပြောပါတယ်။

သုံးနှစ်ကျော်ကြာ ပိတ်ပင်ထားတဲ့ ထောင်ဝင်စာတွေ့ဆုံခွင့်ကို အောက်တိုဘာ ၂၄ ရက်နေ့က စစ် ကောင်စီဘက်က စတင်ခွင့်ပြုလိုက်တာပါ။

ဒါပေမယ့် သေဒဏ်၊ တစ်သက်တစ်ကျွန်းနဲ့ နှစ် ၂၀ အထက် ထောင်ဒဏ် ကျခံရသူတွေကိုတော့ ထောင်ဝင်စာ လူတွေ့ခွင့်မပေးဘူးလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP ရဲ့ ပြောကြားချက်အရသိရပါတယ်။

အင်းစိန်ထောင်မှာတော့ ထောင်ဝင်စာ လူတွေ့ခွင့်ကို လာမယ့် နိုဝင်ဘာ ၃ရက် နေ့မှ စတင်တွေ့ခွင့်ပေးမယ်လို့ ထောင်နဲ့နီးစပ်သူတွေက ပြောပါတယ်။

သာယာဝတီ၊ သရက်၊ အိုးဘို၊ မြင်းခြံ၊ ညောင်ရွှေ စတဲ့ အကျဉ်းထောင်တွေမှာတော့ လူတွေ့ခွင့်တွေ စတင်ပေးပြီး မနက် ၉နာရီကနေ ညနေ ၄နာရီထိ တွေ့ခွင့်ပေးတယ်လို့ ထောင်ဝင်စာလူတွေ့သွားတဲ့ မိသားစုဝင် တွေက ပြောပါတယ်။

ရခိုင်ပြည်နယ် စစ်တွေထောင်မှာလည်း အောက်တိုဘာ ၂၄ ရက် စပြီး ထောင်ဝင်စာ တွေ့ခွင့်ရပြီဖြစ်ပေမယ့် ကန့်သတ်ချက်များပြားမှုကြောင့် ထောင်ဝင်စာ တွေ့သူတွေ အခက်အခဲကြုံနေရတယ်လို့ သိရပါတယ်။

ထောင်ဝင်စာသွားရောက်တွေ့ဆုံမယ့်သူဟာ မှတ်ပုံတင်မူရင်း မိတ္တူ၊ အိမ်ထောင်စုဇယားမူရင်း မိတ္တူ၊ ရပ်ကွက်ထဲမှာ နေထိုင်ကြောင်း မူရင်း မိတ္တူ၊ ရဲစခန်းမှ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်မူရင်း၊ ၎င်းမိတ္တူများအပြင် ကိုဗစ် ၂ ကြိမ်ထိုးထားတဲ့ ထောက်ခံချက်လည်း ပါရှိရမယ်လို့စစ်ကောင်စီက ကန့်သတ်ထားတာဖြစ်ပါတယ်။

ထောင်ဝင်စာလူတွေ့ခွင့်ကို တလတကြိမ် တကြိမ်မှာ ၂၅မိနစ်တွေ့ခွင့်ပေးမယ်လို့ စစ်ကောင်စီဘက်က ကြေငြာထားသလို တနေ့ တွေ့ဆုံခွင့်ဦးရေ ကန့်သတ်မထားပေမယ့် လူအနည်းအများလိုက် စိစစ်ခွင့် ပြုမယ်လို့လည်း ပြောဆိုထားပါတယ်။

အကျဉ်းထောင်တခုမှာ တနေ့အတွက် လူအယောက် ၁၀၀ ကျော် တွေ့ခွင့်ပေးဖို့ သတ်မှတ်ထားတာပါ။

ကိုဗစ်ဖြစ်ပွားခဲ့တဲ့ အချိန်ကစလို့ ကိုဗစ်စည်းမျဉ်းစည်းကမ်းအရ ထောင်ဝင်စာတွေ့ခွင့်ကို NLD အစိုးရ လက်ထက်က စတင်ပြီး ပိတ်ပင်ထားတာ ဖြစ်ပါတယ်။

အဲဒီနောက်အာဏာသိမ်း စစ်ကောင်စီလက် ထက်မှာ လည်း တခြားနေရာတွေမှာ ကိုဗစ်စည်းကမ်းတွေ ဖြေလျော့ပေးခဲ့ပေမဲ့ ထောင်ဝင်စာတွေ့ ခွင့်ကိုတော့ ဖြေလျှော့ခဲ့တာ မရှိဘဲ ခုတကြိမ်မှ လူတွေ့ဖို့ ပြန်လည်ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

အာဏာသိမ်းပြီးချိန်ကနေ အောက်တိုဘာ ၂၃ရက်နေ့အထိ ရက်ပေါင်း ၉၀၀ကျော် အတွင်း အယောက် ၂၅ ၀၀၀ ကျော် ဖမ်းဆီးခဲ့ကြောင်းနဲ့ လက်ရှိမှာ ဒီထက်ပိုများနိုင်တယ်လို့ လည်း AAPP ကပြောပါတယ်။

စစ်ကောင်စီကိုဆန့်ကျင်လို့ သေဒဏ်ကျခံရတဲ့ နိုင်ငံရေး အကျဉ်းသား ၁၇၀နီးပါး ရှိပြီး ဒီထဲမှာ မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ အယောက် ၄၀ကျော် နဲ့ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချခံရသူ ၃၀၀ ဝန်းကျင် ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required