KIO ဒုဥက္ကဋ္ဌ ရှေ့တန်းစစ်မြေပြင်သွားရောက်မှု ကချင်လူထုနှင့် တော်လှန်ရေးအင်အားစုများ အထူးထောက်ခံ

By အဂမ်(မဇ္ဈိမ)
25 October 2023
KIO ဒုဥက္ကဋ္ဌ ရှေ့တန်းစစ်မြေပြင်သွားရောက်မှု ကချင်လူထုနှင့် တော်လှန်ရေးအင်အားစုများ အထူးထောက်ခံ
Photo- ရှေ့တန်းစစ်မြေပြင်သွားရောက်ခဲ့တဲ့ ဗိုလ်ချုပ်ဂွမ်မော်

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က သိမ်းပိုက်ထားသည့် အောင်ဂျာစစ်တပ်စခန်း ရှေ့တန်းစစ်မြေပြင်သို့ KIO ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော် သွားရောက်ခဲ့ခြင်းကို ကချင်လူထုနှင့် တော်လှန် ရေးအင်အားစုများက အားပေးထောက်ခံကြကြောင်း သိရသည်။

ကချင်ပြည်နယ် မိုးမောက်မြို့နယ်ရှိ မြစ်ကြီးနား - ဗန်းမော် ပြည်ထောင်စုလမ်းပိုင်းက စစ်ကောင်စီတပ်စခန်း သုံးခုစလုံးကို ကေအိုင်အေတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းတော်လှန်ရေး အင်အားစုများက တိုက်ခိုက်သိမ်း ပိုက်ခဲ့ခြင်း ဖြစ်သည်။

ထိုစစ်တပ်စခန်း သုံးခုစလုံးကို အောက်တိုဘာလ ၂၀ ရက်နေ့တွင် KIA နဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး နောက် သုံးရက်အကြာ အောက်တိုဘာလ ၂၃ ရက်နေ့၌ ကေအိုင်အိုအစိုးရ၏ ထိပ်သီးခေါင်းဆောင်တဦးဖြစ်သော ဒုတိယဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးဂွမ်မော်က အဆိုပါ ရှေ့တန်းစစ်မြေပြင်ရှိ တပ်ဖွဲ့ဝင်များထံသွားရောက်ပြီး အားပေးစကားပြောခဲ့ခြင်းဖြစ်သည်ဟု ကေအိုင်အေတပ်ဖွဲ့ဝင် အဆင့်မြင့်ဗျူဟာမှူးတဦးက အတည်ပြုသည်။

 "တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တယောက်၏ ယခုကဲ့သို့သော လုပ်ရပ်က စစ်ပရိယာယ်ကြွယ်ဝပြီး ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တခုဖြစ်တယ်" ဟု ကချင်နိုင်ငံရေး လေ့လာသုံသပ်နေသည့် နိုင်ငံရေးသုတေသီတဦးက သုံးသပ်ပြသည်။

" ထိပ်သီးခေါင်းဆောင်တယောက်က ရှေ့တန်းစခန်းတခုကို ခုလိုသွားကြည့်တာက သူ့လက်အောက်ငယ်သားတွေ အားတက်ဖို့အတွက်နဲ့ နိုင်ငံရေးအရ ပုံရိပ်ကောင်းဖေါ်ဆောင်ဖို့အတွက် ဖြစ်လိမ့်မယ်။ ဦးနှောက်ကောင်းတယ်လို့ ပြောရမှာပေါ့။ " ဟုလည်း ကချင်နိုင်ငံရေးသုတေသီက ဆိုသည်။

စစ်ကောင်စီ၏ အောင်ဂျာတပ်စခန်း သုံးခုစလုံးက မြစ်ကြီးနား - ဗန်းမော်လမ်းပိုင်းမှာ အခိုင်အမာတပ်စွဲထားသည့် တပ်စခန်းများဖြစ်ပြီး၊ ကေအိုင်အိုဗဟိုဌာနချုပ်သို့ သွားရောက်နိုင်သည့် အဓိကလမ်းပိုင်းကို ဟန့်တားပိတ်ဆို့ထားသော တပ်စခန်းလည်း ဖြစ်သည်။

ကေအိုင်အေနှင့် ပူးပေါင်းတော်လှန်ရေးအင်အားစုတို့ သိမ်းပိုက်ထားသော ရှေ့တန်းစစ်မျက်နှာပြင်သို့ သွားရောက်ခဲ့သည့် ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်ကိုယ်တိုင်က ယင်းစစ်မြေပြင်ကိုသွားရောက်ခဲ့ပြီးနောက် သူ့၏လူမူကွန်ရက်စာမျက်နှာအကောင့်မှ "အတွေး"ဆိုသည့် ခေါင်းစဉ်ဖြင့်လည်း စာစုတခုရေးသား ဖော်ပြခဲ့သည်။

၎င်းစာစုထဲတွင် စစ်ကောင်စီသည် သူ၏ရဲဘော်များကို သက်တမ်းကုန်နေသည့် ထမင်းထုပ်ရိက္ခာတွေ ချပေးခဲ့တဲ့အကြောင်းကို ဓာတ်ပုံနှင့်တကွ ထည့်သွင်းဖော်ပြထားသည်။

လက်ရှိ KIA ဘက်က တိုက်ခိုက်သိမ်းပိုက်ထားသော အောင်ဂျာတပ်စခန်းကို KIAဘက်က အထိုင်ချတပ်စွဲနေပြီး၊ စစ်တပ်နဲ့ နှစ်ဖက်စစ်ရေးတင်းမာနေဆဲဖြစ်သလို တဖက်မှာလည်း စစ်ကောင်စီတပ်တွေက အဲဒီအောင်ဂျာစခန်းတွေကို ပြန်လည်ရရှိအောင် လုပ်ဆောင်နေသည့်အကြောင်း အောက်တိုဘာလ ၂၁ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required