ဗန်းမော်-မြစ်ကြီးနားလမ်းတွင် အိမ်စီးကားပစ်ခံရပြီး တရုတ်လုပ်ငန်းရှင်နှင့် စကားပြန်အမျိုးသမီး ကျည် ထိမှန်

By အဂမ် (မဇ္ဈိမ)
19 July 2023
ဗန်းမော်-မြစ်ကြီးနားလမ်းတွင် အိမ်စီးကားပစ်ခံရပြီး တရုတ်လုပ်ငန်းရှင်နှင့် စကားပြန်အမျိုးသမီး ကျည် ထိမှန်
Photo - ပစ်ခတ်ခံရသည့် တရုတ်လုပ်ငန်းရှင်တို့စီးလာသည့်ကား

KIA နှင့် စစ်ကောင်စီတပ်တို့ စစ်ရေးတင်းမာနေသော ကချင်ပြည်နယ် မြစ်ကြီးနား-ဗန်းမော်လမ်း တွင် ဇူလိုင်လ ၁၈ ရက်နေ့က အိမ်စီးကားတစီးပစ်ခတ်ခံရပြီး တရုတ်စီးပွားရေးလုပ်ငန်းရှင်တဦးနှင့် စကား ပြန် မြန်မာအမျိုးသမီးငယ်တဦး ကျည်ထိမှန်သွားကြောင်း KIA  သတင်းရင်းမြစ်များထံမှ သိရသည်။

ဇူလိုင်လ ၁၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီကျော်က မြစ်ကြီးနား-ဗန်းမော်လမ်း ဒဘတ်ယန်ရွာနှင့် ဆမားရွာ လမ်းခွဲအထက်သို့ မောင်းနှင်လာစဉ် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဆိုသည်။

“အဲလမ်းကသွားလို့မရဘူးလေ၊ သတိပေးစာတွေလည်းထုတ်ထားတာသိရက်နဲ့ မောင်းလာတာ။ ဘယ် ဘက်ကပစ်လိုက်တာလည်းဆိုတာတော့ မသိဘူး။ အဲဒီနေရာမှာက ရွှေမင်းအဖွဲ့(လီဆူဌာနေပြည်သူ့စစ် အဖွဲ့)နဲ့ ဒီဘက်(KIA)ကလူတွေ စစ်ရေးတင်းမာနေတာ” ဟု KIA သတင်းရင်းမြစ်တဦးက ပြောသည်။

ပစ်ခတ်ခံရသူနှစ်ဦးအနက် တရုတ်လူမျိုးလုပ်ငန်းရှင်မှာ ခြေထောက်တွင်ကျည်ထိမှန်သွားပြီး စကားပြန် အမျိုးသမီးမှာ လည်ပင်းနှင့်နားတွင် ကျည်ထိမှန်ပြီး ဒဏ်ရာပြင်းထန်သည့်အတွက် ဝိုင်းမော်မြို့ ပြည်သူ့ ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း မဇ္ဓျိမက စုံစမ်းသိရှိရသည်။

ထိခိုက်မှုဖြစ်စဥ်အသေးစိတ်ကို မဇ္ဈိမအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

စစ်ကောင်စီလက်အောက်ခံ လီဆူဌာနေပြည်သူ့စစ်အဖွဲ့က ဝိုင်းမော်မြို့နယ် ဂါရာယန်ကျေးရွာမှစပြီး ကဇူး-ဒဘတ်ကျေးရွာများရှိ လမ်းမကြီးတလျှောက်၌ ဇူလိုင်လ ၁၅ ရက်နေ့မှစပြီး တပ်ဖြန့်နေရာယူထား ကြောင်း ဒေသခံများက မဇ္ဓျိမသို့ပြောသည်။

လီဆူဌာနေပြည်သူစစ်အဖွဲ့ တပ်ဖြန့်လှုပ်ရှားရာ ကန်ပိုက်တီလမ်းပိုင်းတွင်လည်း ဇွန်လအတွင်းက တရုတ် ကောင်စစ်ဝန်ယာဥ်တန်း ပစ်ခတ်ခံရသေးသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly