စစ်ကောင်စီတပ်ထွက်ပြေးသွား၍ ကျောက်ကုမ္ပဏီအတွင်းမှ ကျောက်စိမ်းများအား ရေမဆေးသမားများ ဝင်‌ရောက်သယ်ဆောင်

By အဂမ် (မဇ္ဈိမ)
26 October 2023
စစ်ကောင်စီတပ်ထွက်ပြေးသွား၍ ကျောက်ကုမ္ပဏီအတွင်းမှ ကျောက်စိမ်းများအား ရေမဆေးသမားများ ဝင်‌ရောက်သယ်ဆောင်
Photo - ကျောက်လာသယ်ယူနေကြသည့် မြင်ကွင်း

ကချင်ပြည်နယ်၊ ဖားကန့်ဒေသရှိ မြန်မာသူရကျောက်မျက်ကုမ္ပဏီဝင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ဝင်များ KIA/PDF ပူးပေါင်းတပ်ဖွဲ့၏ တိုက်ခိုက်ခြင်းခံရပြီးနောက် ထွက်ပြေး သွား၍ ရေမဆေးသမားများက ကျောက်စိမ်းများကို ဝင်ရောက်သယ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

ဖားကန့်မြို့နယ် နမ္မဖြစ်ကျေးရွာ ဖားကန့်-လုံးခင်းလမ်းပေါ်ရှိ မြန်မာသူရကျောက်မျက်ကုမ္ပဏီဝင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ် နှင့် ပူးပေါင်းရဲတပ်ဖွဲ့ဝင်များကို  အောက်တိုဘာလ ၂၅ ရက်နေ့ ည ၁၀ နာရီကျော်ခန့်တွင်  KI A/PDF ပူးပေါင်းတပ်များက သွားရောက်တိုက်ခိုက်ခဲ့သည်။

တိုက်ခိုက်မှုတွင် ကုမ္ပဏီဝင်းအတွင်းရှိအဆောင်အချို့ကို မီးရှို့ဖျက်ဆီးနိုင်ခဲ့သလို စစ်ကောင်စီတပ်ဘက်မှ ရဲတဦးသေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိပြီးနောက် ကျောက်မျက်ဝင်းအတွင်းမှ တပ်ဆုတ် ထွက်ပြေးသွားခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များမရှိတော့သည့် ကျောက်မျက်ဝင်းအတွင်းမှ ကျောက်စိမ်း (ဒေသအခေါ် အောက် ကျောက်)များကို ရေမဆေးသမား‌များနှင့် ဖားကန့်ဒေသခံအချို့က ဝင်ရောက်သယ်ယူနေကြကြောင်း သတင်းရင်းမြစ်က ပြောသည်။

“မနက် ၁၀ နာရီလောက်ကတည်းက သယ်ယူနေကြတာ။ အောက်ကျောက်တွေပေါ့။ ကောင်းတဲ့ ကျောက် တွေလည်းပါတယ်” ဟု ၎င်းကပြောသည်။

မြန်မာသူရကုမ္ပဏီဝင်းအနီးတွင် ယနေ့ အောက်တိုဘာလ ၂၆ ရက် မွန်းလွဲ ၂ နာရီခန့်အထိ ကျောက်စိမ်း သယ်ယူသူ ထောင်နှင့်ချီရှိခဲ့ပြီး ၂ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်မှ အိမ်စီးကားသုံးစီးဖြင့်ရောက်ရှိလာပြီး နောက် ပစ်ခတ်သံ၊ ပေါက်ကွဲသံများ ထွက်ပေါ်လာသည့်အတွက် ပြန်လည် တိမ်းရှောင်ခဲ့ကြကြောင်း ရေမဆေးသမားများက ဆိုသည်။

ကျောက်လာသယ်သော ရေမဆေးသမားများနှင့် ဒေသခံအချို့၏ ဆိုင်ကယ်များက ကုမ္ပဏီဝင်းအတွင်း ပိတ်မိနေသော်လည်း ဖမ်းဆီးခံရသူမရှိကြောင်း စုံစမ်းသိရှိရသည်။

မြန်မာသူရကျောက်မျက်ကုမ္ပဏီပိုင်ရှင် CEO ဦးကျော်သူရကို စစ်ကောင်စီက ၂၀၂၂ ခုနှစ်၊ ဩဂုတ်လက မန္တလေးရှိ ၎င်း၏နေအိမ်တွင်ဖမ်းဆီးခဲ့ပြီး၊ ပိုင်ဆိုင်မှုများအားလုံးကို ချိပ်ပိတ်သိမ်းဆည်းထားသလို ဖားကန့်ရှိ မြန်မာသူရကျောက်မျက်ကုမ္ပဏီရုံးချုပ်တွင် စစ်ကောင်စီက အထိုင်ချတပ်စွဲထားခြင်း ဖြစ်သည်။

စာတည်း။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required