ကြွေးမြီကတိကဝတ်ပြန်လည် ပြင်ဆင်ရေးတွင် ပိုမိုဆိုးရွားသည့် စည်းကမ်းချက်များနှင့် ကြုံတွေ့လာရသည့် တရုတ် အိမ်ခြံမြေလုပ်ငန်းဆိုင်ရာ မြီရှင်များ 

By CNA 
15 October 2023
ကြွေးမြီကတိကဝတ်ပြန်လည် ပြင်ဆင်ရေးတွင် ပိုမိုဆိုးရွားသည့် စည်းကမ်းချက်များနှင့် ကြုံတွေ့လာရသည့် တရုတ် အိမ်ခြံမြေလုပ်ငန်းဆိုင်ရာ မြီရှင်များ 

တရုတ်အိမ်ခြံမြေကုမ္ပဏီများသည် ဒေါ်လာဘီလီယံပေါင်းများစွာတန်ကြေးရှိ ကြွေးမြီကတိကဝတ် ပြန်လည်ပြင်ဆင်ရေးကို ဆောင်ရွက်လျက်ရှိပြီး တရုတ်အိမ်ခြံမြေကဏ္ဍအလားအလာမှာ ဆိုးရွား လာခြင်းကြောင့် ပြန်လည်ပြင်ဆင်မှုဆိုင်ရာ စည်းကမ်းချက်များကို တင်းကျပ်ထားသည့်အတွက် ၎င်းတို့၏ ပြည်ပမြီရှင်များ အနေဖြင့် အနှောင့်အယှက်များ ထပ်မံကြုံတွေ့လာရနိုင်သည်။  

တရုတ်အိမ်ခြံမြေရောင်းချမှု၏ ၄၀ ရာခိုင်နှုန်းရှိသော အိမ်ခြံမြေကုမ္ပဏီများသည် ၂၀၂၁ ခုနှစ်မှ ယခုအချိန်အထိ ကြွေးမြီပြန်ဆပ်နိုင်ခြင်း မရှိသေးကြောင်း JP Morgan ဘဏ်က ပြောကြားခဲ့သည်။ ကြွေးမြီပြန်ဆပ်ရန် ပျက်ကွက်သည့် ကုမ္ပဏီများအနက် အများစုမှာ ပုဂ္ဂလိကကုမ္ပဏီများဖြစ်ပြီး ၎င်းတို့သည် ငွေကြေးအမြောက်အများ ရရှိနိုင်မည့် ဒေါ်လာ ၁၁၀ ဘီလီယံခန့် တန်ကြေးရှိ ပြည်ပငွေချေးစာချုပ်များကို ထုတ်ပေးထားသည်။  

တရုတ်အစိုးရက ပံ့ပိုးကူညီရေးမူဝါဒ အများအပြားကို မကြာသေးမီလများအတွင်းက ချမှတ်ခဲ့သော်လည်း အိမ်ခြံမြေရောင်းချမှု တိုးတက်လာမည့် အရိပ်အယောင် သိပ်မတွေ့ရသေးပေ။ ယင်းအခြေအနေကြောင့် ကြွေးမြီကတိကဝတ် ပြန်လည်ပြင်ဆင်ရေး စည်းကမ်းချက်များမှာ ယခင်က မျှော်လင့်ထားသည်ထက် ပိုမိုဆိုးရွားလာနိုင်ကြောင်း အိမ်ခြံမြေကုမ္ပဏီများ၊ ဘဏ္ဍာရေးအကြံပေးများနှင့် ငွေချေးစာချုပ် ပိုင်ဆိုင် ထားသူများ က ပြောကြားခဲ့သည်။  

အိမ်ခြံမြေကဏ္ဍတွင် ကြွေးမြီနှင့် ရန်ပုံငွေအကျပ်အတည်း ဆိုက်ရောက်ခဲ့သည့် ၂၀၂၁ ခုနှစ်မှ စတင်၍ Sunac China ကုမ္ပဏီသည် ကြွေးမြီကတိကဝတ်လုပ်ငန်းစဉ်ကို အပြီးသတ်ဆောင်ရွက်နိုင်သည့် ပထမဆုံး အိမ်ခြံမြေကုမ္ပဏီ ဖြစ်လာခဲ့ပြီး တရုတ်တွင် အကြီးဆုံး ပုဂ္ဂလိကအိမ်ခြံမြေကုမ္ပဏီဖြစ်သည့် Country Garden သည် ယင်းကဲ့သို့ ဆွေးနွေးညှိနှိုင်းမှုများကို မကြာမီစတင်ရန် မျှော်မှန်းထားသည်။  

ဆိုးရွားလာသည့် အခြေအနေများကြောင့် Shimao Group နှင့် CIFI Holdings အပါအဝင် အိမ်ခြံမြေကုမ္ပဏီအချို့ သည် ပြည်ပမြီရှင်များထံ ကြွေးမြီကတိကဝတ်ပြန်လည်ပြင်ဆင်ရေး ကမ်းလှမ်းချက်များကို လျှော့ချလာကြောင်း ယင်းကိစ္စနှင့် နီးစပ်သည့် သတင်းအရင်းအမြစ်များက ပြောကြားခဲ့သည်။  

ပြန်လည်ပြင်ဆင်ထားသော ကြွေးမြီကတိကဝတ် ပြန်လည်ပြင်ဆင်ရေးကမ်းလှမ်းချက်များတွင် အိမ်ခြံမြေ ကုမ္ပဏီများက ယခင်ကအဆိုပြုခဲ့သော ကြွေးမြီလုံးဝလျှော့ချရန်မလိုသည့် နောက်ဆုံး အစီအစဉ်နှင့်စာလျှင် ပြည်ပမြီရှင်များအနေဖြင့် ၇၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိ လျှော့ချပေးရန် ကမ်းလှမ်းမှုများ ကြုံတွေ့လာရသည်။  

အိမ်ခြံမြေရောင်းချမှု ကျဆင်းလာခြင်းနှင့် ယွမ်ငွေတန်ဖိုးကျဆင်းလာခြင်းတို့ကြောင့် Sunac ကုမ္ပဏီ ဆောင်ရွက်ခဲ့သည့် ကာလနှင့်နှိုင်းယှဉ်လျှင် အခြေအနေမှာ လုံးဝကွာခြားသွားပြီဖြစ်ကြောင်း ကြွေးမြီကတိကဝတ် ပြန်လည်ပြင်ဆင်ရေး ဆွေးနွေးနေသည့် လုပ်ငန်းတစ်ခုမှ အကြီးတန်းအမှုဆောင်တစ်ဦးက ပြောကြားခဲ့သည်။  

ဇွန်လမှစက်တင်ဘာလအထိ အိမ်ခြံမြေရောင်းအားသည် ဆွေးနွေးညှိနှိုင်းမှုများတွင် ကနဦးမျှော်မှန်းထား သည်ထက် များစွာဆိုးရွားခဲ့သောကြောင့် ကုမ္ပဏီအများအပြားသည် ၎င်းတို့၏စည်းကမ်းချက်များကို လျှော့ချလျက်ရှိပြီး အိမ်ခြံမြေလုပ်ငန်းများအနေဖြင့် မြီရှင်များ၏ သဘောတူညီမှုကိုရရှိရန် အချိန်ယူရနိုင်ကြောင်း အကြံပေးတစ်ဦးက ပြောကြားခဲ့သည်။ 

Country Garden ကုမ္ပဏီသည် ပြည်ပကြွေးမြီများကို ကျေအောင် ပြန်ဆပ်နိုင်ခြင်းမရှိတော့ကြောင်း အောက်တိုဘာ ၁၀ ရက်တွင် အသိပေးခဲ့သည့် နောက်ဆုံး တရုတ်အိမ်ခြံမြေလုပ်ငန်း ဖြစ်လာခဲ့သည်။ ၎င်းတွင် ပြည်ပကြွေးမြီ ဒေါ်လာ ၁၁ ဘီလီယံနီးပါးရှိသည်။  

ကြွေးမြီတစ်ရပ်ရပ်ကို အောက်တိုဘာ ၁၇ ရက်နေ့ နောက်ဆုံးထား၍ ပေးချေနိုင်ခြင်းမရှိပါက ၎င်း၏ ပြည်ပကြွေးမြီအားလုံးကို ကြွေးမြီပြန်ဆပ်ရန်ပျက်ကွက်မှုအဖြစ် သတ်မှတ်သွားမည် ဖြစ်သည်။ ဤသို့ဖြစ်လာခဲ့လျှင် ၎င်းသည် ကမ္ဘာ့အကြီးဆုံး ကြွေးမြီကတိကဝတ် ပြန်လည်ပြင်ဆင်မှု ဖြစ်လာမည် ဖြစ်သည်။  

ကြွေးမြီပြန်ဆပ်ရန် ပျက်ကွက်ခဲ့သည့် အိမ်ခြံမြေလုပ်ငန်းအများစုသည် မြီရှင်များနှင့်စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သော်လည်း Sunac၊ Fantasia၊ Zhongliang နှင့် Aoyuan အပါအဝင် ကုမ္ပဏီအနည်းငယ်သာ မြီရှင်များထံမှ ပြန်လည်ပြင်ဆင်ရေးအဆိုပြုချက်အတွက် လုံလောက်သော အတည်ပြုချက် ရယူထားနိုင်သည်။  

Sunac ၏ ကြွေးမြီကတိဝတ်ပြန်လည်ပြင်ဆင်ရေး စည်းကမ်းချက်များသည် အခြားသူများအတွက် နမူနာပုံစံဖြစ်လာမည်ဟု ယုံကြည်ခဲ့ကြသော်လည်း အိမ်ခြံမြေကဏ္ဍ ပြန်လည်နာလန်ထူလာရေး မျှော်လင့်ချက်များ မှေးမှိန်လာသည့်အတွက် အဆိုပါမျှော်လင့်ချက်များမှာ သဲထဲရေသွန် ဖြစ်သွားခဲ့သည်။  

အစိုးရက တက်တက်ကြွကြွ လုပ်ဆောင်ခြင်းမှုမရှိခြင်းနှင့် ငွေကြေးတည်ငြိမ်ရေး ကိစ္စများကို ဦးစားပေး စဉ်းစားမှုမရှိခြင်းတို့သည် ငွေချေးစာချုပ်ပိုင်ဆိုင်ထားသူများကို အတိုင်းအတာတစ်ခုအထိ ထိခိုက်စေသည်ဟု အယ်လ်-ဟူစိန်နီက ပြောကြားခဲ့သည်။  

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required