လက်နက်နှင့် ဆက်စပ်နည်းပညာများရရှိရန် ကြိုးပမ်းနေသည့် စစ်ကောင်စီကို သေချာစောင့်ကြည့်ရန် သံအမတ်ကြီး ဦးကျော်မိုးထွန်း တိုက်တွန်း

By 001(မဇ္စျိမ)
20 October 2023
လက်နက်နှင့် ဆက်စပ်နည်းပညာများရရှိရန် ကြိုးပမ်းနေသည့် စစ်ကောင်စီကို သေချာစောင့်ကြည့်ရန် သံအမတ်ကြီး ဦးကျော်မိုးထွန်း တိုက်တွန်း
ပုံအညွှန်း- သံအမတ်ကြီး ဦးကျော်မိုးထွန်း(အလယ်)

နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် လက်နက်ပစ္စည်းနှင့် ဆက်စပ်နည်းပညာများရရှိရန် ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်ကို သေချာစောင့်ကြည့်ရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အောက်တိုဘာလ ၁၉ ရက်နေ့က တိုက်တွန်းသည်။

(၇၈ ) ကြိမ်မြောက်၊ ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပထမကော်မတီ ( လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာလုံခြုံရေးကော်မတီ)၏ အဖျက်စွမ်းအားပြင်းလက်နက်များခေါင်းစဉ်ဖြင့် ဆွေးနွေးမှုတွင် အထက်ပါအတိုင်း တိုက်တွန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ လှုပ်ရှားမှုခြေလှမ်းများကို သေချာစောင့်ကြည့်ရန် နှင့် အပြစ်မဲ့ပြည်သူများ အသက်မဆုံးရှုံးစေရန် စစ်တပ်ကို လက်နက်များ ရောင်းချပံ့ပိုးခြင်းမပြုရန် ဦးကျော်မိုးထွန်းက တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ၁၉၈၀ ခုနှစ်များအတွင်းက ပဲခူးတိုင်းဒေသကြီး၊ ထုံးဘိုအနီးရှိ စစ်တပ်၏ ထိန်းချုပ်မှုအောက်တွင်ရှိသည့် ဓာတုလက်နက်ထုတ်လုပ်သည့်စက်ရုံမှ ဆာလဖာဓာတုအဆိပ်များထုတ်လုပ်ခဲ့မှုကိုလည်း ဦးကျော်မိုးထွန်းက အဆိုပါ ဆွေးနွေးပွဲတွင် ထည့်သွင်းပြောဆိုခဲ့သည်။

ယင်းမှာ ဓာတုလက်နက်ပိတ်ပင်ရေးစာချုပ်( CWC )နှင့် မကိုက်ညီကြောင်း ထောက်ပြပြောဆိုခဲ့ပြီး ရွေးကောက်ခံအရပ်သားအစိုးရအနေဖြင့် အဆိုပါ ကိစ္စကို လွန်ခဲ့သည့်နှစ်အနည်းငယ်ခန့်ကမှ သိရှိခဲ့သည့်အတွက် ဖြေရှင်းရန် ကြိုးစားခဲ့သော်လည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်အာဏာသိမ်းမှုကြောင့် ကြိုးပမ်းမှု အရာမထင်ခဲ့ဟု ဆိုသည်။

ထို့ကြောင့် စစ်တပ်၏ ခေတ်အဆက်ဆက်ကျူးလွန်ခဲ့မှုများနှင့် လက်ရှိတွင် ပြည်သူများအပေါ် ရက်စက်စွာသတ်ဖြတ်မှုများအရ စစ်ကောင်စီတပ်အနေဖြင့် ပြည်သူများအပေါ် မည်သည့်ခြိမ်းခြောက်မှုမျိုးကိုမဆို အပြည့်အဝပြုလုပ်ကျူးလွန်နိုင်ကြောင်း နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် သိရှိရန် အရေးကြီးသည်ဟုလည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထောက်ပြသည်။

လက်ရှိတွင် ရုရှားနိုင်ငံအနေဖြင့် စစ်ကောင်စီအတွက် အဓိက စစ်လက်နက်ထောက်ပံ့သူအဖြစ် ဆက်လက်ရပ်တည်နေပြီး ကုလသမဂ္ဂ အထူးကိုယ်စားလှယ်၏ အစီရင်ခံစာအရ ၂၀၂၁ ဖေဖော်ဝါရီလမှ ၂၀၂၂ ဒီဇင်ဘာလအတွင်း အနည်းဆုံး အမေရိကန်ဒေါ်လာ ၄၀၆ သန်း တန်ဖိုးရှိ လက်နက်များ၊ ကုန်ကြမ်းများနှင့် ဆက်စပ်ပစ္စည်းများကို တင်ပို့ခဲ့ကြောင်း Justice for Myanmarက အောက်တိုဘာလ အစောပိုင်းက ထုတ်ပြန်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required