လိုငွေအကြီးအကျယ်ပြနေတဲ့ စစ်ကောင်စီက ဘတ်ဂျက်ငွေ ကြိုတင်စိစစ်ရေးကော်မတီ ဖွဲ့စည်းဖို့ ပြင်ဆင်

By မဇ္ဈိမ 
20 October 2023
လိုငွေအကြီးအကျယ်ပြနေတဲ့ စစ်ကောင်စီက ဘတ်ဂျက်ငွေ ကြိုတင်စိစစ်ရေးကော်မတီ ဖွဲ့စည်းဖို့ ပြင်ဆင်

စစ်ကောင်စီလက်အောက်ခံ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့အချက်အလက်တွေအရ စံချိန်တင် စစ်အသုံးစရိတ်နဲ့အတူ ဘတ်ဂျက်လိုငွေ ဆက်လက်မြင့်တက်နေပြီး လက်ရှိဘဏ္ဍာနှစ်တွင် ကျပ် ၈ ဘီလျံနီးပါးအထိ လိုငွေရှိနေတာဖြစ်ပါတယ်။

ဘတ်ဂျက်လိုငွေ အဆမတန်မြင့်တက်နေချိန် အသုံးစရိတ်နှင့်ပတ်သက်ပြီး အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က ယခုလဆန်းပိုင်းက ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာလည်း သတိပေးခဲ့ပါတယ်။
မလိုလားအပ်တဲ့ နေရာတွေမှာ အပိုငွေများ ကုန်ကျမှုမရှိအောင် ချွေတာသုံးစွဲခြင်းဖြင့် ပိုလျှံမှုတွေကို အခြား မှာ အသုံးပြုနိုင်မှာဖြစ်ကြောင်း၊ အပြန်ပြန်အလှန်လှန် စိစစ်ပြီး ကြပ်မတ်ဆောင်ရွက်ကြဖို့လိုကြောင်း စစ်ခေါင်းဆောင်က ပြောဆိုထားပါတယ်။

အခုလိုပြောကြားပြီးနောက်မှာတော့ ဘတ်ဂျက်ငွေ ကြိုတင်စိစစ်ရေးကော်မတီ ဖွဲ့စည်းဖို့ စစ်ကောင်စီက ပြင်ဆင်လာနေတာဖြစ်ပါတယ်။မြန်မာစစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်က အသုံးစရိတ် ဘတ်ဂျတ်ငွေ တောင်းခံတဲ့အခါ လိုအပ်မှသာ တောင်းခံဖို့ အောက်တိုဘာလ ၁၈ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ စီးပွားရေးကော်မတီအစည်းအဝေးမှာ စစ်ကောင်စီဝန်ကြီးတွေ၊ တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေနဲ့ တွေ့ဆုံချိန် ပြောကြားလာတာဖြစ်ပါတယ်။

စစ်ခေါင်းဆောင်ကတော့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေအတွက် ဆောင်ရွက်ဖို့ အသုံးစရိတ် ဘတ်ဂျတ်ငွေ တောင်းခံတာဖြစ်ပေမဲ့ လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး အခြားကဏ္ဍတွေမှာ သုံးရမယ့် ငွေကြေးပမာဏတွေ အများကြီးရှိနေတဲ့အတွက် အခုလို ပြောတာလို့ ဆိုပါတယ်။

ဒါ့အပြင် တောင်းထားတဲ့ နိုင်ငံ့အသုံးစရိတ်တွေကို သတ်မှတ်ကာလတွေမှာ အောင်မြင်အောင် အကောင် အထည်ဖော်ဖို့ စစ်ခေါင်းဆောင်က ပြောသလို ဘတ်ဂျက်ငွေ ကြိုတင်စိစစ်ရေး ကော်မတီတစ်ခုကို ဖွဲ့စည်း ပြီး စိစစ်ဖို့အထိ စစ်ခေါင်းဆောင်က ပြောပါတယ်။

ဝန်ကြီးဌာနများအလိုက် ဥပဒေအကြံပေးများ ခန့်အပ်ထားရှိခြင်းက ဥပဒေပိုင်းဆိုင်ရာတွေမှာ မှန်မှန်ကန်ကန်နဲ့ နည်းလမ်းတကျဖြစ်စေလိုတာကြောင့်လို့ ပြောပါတယ်။ဒါကြောင့် ဘတ်ဂျက်ငွေ ကြိုတင်စိစစ်ရေးကော်မတီတစ်ခုကို ဖွဲ့စည်းပြီး ထိထိရောက်ရောက် စိစစ်ဆောင်ရွက်သင့်ကြောင်း ၎င်းကပြောပါတယ်။

တဖက်မှာလည်း အခုလို အသုံးစရိတ်စိစစ်ဖို့ စစ်ခေါင်းဆောင်က ပြောလာတာဟာ အဂတိတိုက်ဖျက်ဖို့နဲ့ နိုင်ငံတကာရဲ့ ပိတ်ဆို့မှုတွေ ခံနေရတဲ့ စစ်ကောင်စီမှာ အသုံးစရိတ်နည်းပါးနေတာ၊ အခွန်ငွေရရှိမှု အကန့်အသတ်တွေရှိနေတာကိုလည်း ထင်ဟပ်နေတယ်လို့ နိုင်ငံရေးလေ့လာစောင့်ကြည့်သူတွေက သုံးသပ်ထားပါတယ်။

စစ်ကောင်စီလက်ထက်မှာ ဘတ်ဂျက်လိုငွေမြင့်တက်နေတာနဲ့နည်းတူ ပြည်တွင်းပြည်ပကြွေးမြီလည်း ဆက်လက်မြင့် တက်နေတာဖြစ်ပါတယ်။စစ်အသုံးစားရိတ်က ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ် အပါအဝင် အခြားသောပြည်သူ့ဝန်ဆောင်မှု လုပ်ငန်း ၉ ခုရဲ့ အသုံးစားရိတ်ထက်ပင် များပြားနေတာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ လက်ရှိဘဏ္ဍာနှစ်အတွက် စစ်အသုံးစရိတ်မှာ ကျပ်ဘီလျံ ၅၆၃၅ အထိရှိကာ လွန်ခဲ့တဲ့နှစ် နဲ့နှိုင်းယှဉ်ပါက ၅၀ ရာခိုင်နှုန်းကျော်မြင့်တက်လာနေတာဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required