သင်္ဘောသားများ ၆လစာ၏ ၂ ရာခိုင်နှုန်းအား ကြိုတင်အခွန်ဆောင်မှသာ ပတ်စ်ပို့သက်တမ်းတိုးနိုင်မည်ဖြစ်

By ဂန္ဒမာ (မဇ္ဈိမ)
25 October 2023
သင်္ဘောသားများ ၆လစာ၏ ၂ ရာခိုင်နှုန်းအား ကြိုတင်အခွန်ဆောင်မှသာ ပတ်စ်ပို့သက်တမ်းတိုးနိုင်မည်ဖြစ်

စစ်ကောင်စီထုတ်ပြန်သော ကြေညာချက်အရ သင်္ဘောသားများရရှိသော ခြောက်လစာ၏ နှစ်ရာခိုင်နှုန်းအား ၎င်းတို့ထံ ကြိုတင်အခွန်ဆောင်မှသာ ပတ်စ်ပို့သက်တမ်းတိုးနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသားများအသိုင်းအဝိုင်းထံမှ သိရသည်။ 

၎င်းထုတ်ပြန်ကြေညာချက်မှာ ပြည်ပသို့သွားရောက်အလုပ်လုပ်ကိုင်မည့် PJ (Passport For Job) နှင့် PS (Passport For Seaman) နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများအတွက် သက်ရောက်စေခြင်းဖြစ်သည်။ 

အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်၍ ရန်ကုန်ရှိ သင်္ဘောသားတဦးက ၎င်းတို့ကြုံတွေ့ရသည့် အခက်အခဲကို ပြောသည်။ 

“ ခြောက်လစာကြိုဆောင်ရမယ်။ အဲ့ဒါတော့ အဆင်မပြေဖူးလေ၊ အလုပ်ဝောာင်မလုပ်ရသေးဘူး၊ ကိုယ်က ပလိန်းကြီး ဆောင်နေရတော့ တကယ် ကို အဆင်မပြေတာဗျ။  သင်္ဘောပေါ်တောင်မရောက်သေးတဲ့ လူသစ်တွေဆို အလုပ်က ဘယ်မှာနေလဲ မသိသေးဘူး။ သင်တန်းကြေး ဘာကြေး ညာကြေး လိုင်းရိုက်ကြေး အခု အခွန် ခြောက်လစာပါ ထပ်ပေးရမယ်ဆို အဆင်ပြေတဲ့သူဆိုရင်တော့ ဘာမှမဖြစ်ပေမယ့် အဆင်မပြေလို့ သင်္ဘောသားဘ၀ကို ခြေချချင်တဲ့ လူငယ်တွေအတွက်တော့ မလွယ်ဘူးပေါ့ဗျာ။” ဟု ဆိုသည်။ 

ယခုကြေညာချက်သည် သင်္ဘောသားများအတွက် မဖြစ်မနေလုပ်ဆောင်ရမည့် လုပ်ငန်းစဥ်တခုလိုဖြစ်ပြီး နိုင်ငံအလိုက် သက်ဆိုင်ရာဘဏ်ထဲသို့ သင်္ဘောသားတဦး လစာ၏ ၂၅ ရာခိုင်နှုန်းကို လွှဲရမည်ဖြစ်ကာ လစာ၏ နှစ်ရာခိုင်နှုန်းကိုလည်း အခွန်ဆောင်ရမည်ဖြစ်သည်။ 

သင်္ဘောသားများအနေဖြင့် ယခုနောက်ပိုင်းတွင် ပတ်စ်ပို့သက်တမ်းတိုးလိုပါက အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်ကို တပါတည်းယူဆောင်လာရမည်ဖြစ်သည်။ 

တော်လှန်ရေးကာလအတွင်း စစ်ကောင်စီထံ အခွန်မစီးဆင်းခြင်းဖြင့် ၎င်းတို့၏ စစ်လက်နက်အသုံးစရိတ် ဖြည့်တင်းစွမ်းဆောင်နိုင်ခြင်းမရှိစေရန် ပြည်သူများမှ မီတာခွန်၊ ရေခွန်မှ စ၍ အခွန်ဆောင်ခြင်းများ ရပ်တန့်ထားသော်လည်း စစ်ကောင်စီအနေဖြင့် ပြည်သူများထံမှ နည်းအမျိုးမျိုးဖြင့် ငွေကြေးညှစ်ထုတ်ရယူမှုများ ပြုလုပ်လျက်ရှိသည်။ 

သင်္ဘောသားများအနေဖြင့်လည်း စစ်ကောင်စီထံသို့ လစာဝင်ငွေခွန် မဖြစ်မနေ ပေးဆောင်ရတော့မည်ဖြစ်ရာ သင်္ဘောသားတဦးက ၎င်း၏ သဘောထားကို အခုလိုပြောသည်။ 

“အခွန်ဆောင်ပါပြီ အခွန်ဆောင်ထားတဲ့ နိုင်ငံသားတယောက်ကို တခြားနိုင်ငံမှာ တခုခု ဖြစ်ရင် ဘယ်လို အခြေအနေမျိုးထိ အာမခံပြီး ကာကွယ်ပေးမလဲဆိုတာသိချင်ပတယ်၊ သဘောထားကတော့ ရှင်းရှင်း‌လေးပါပဲဗျာ အများနဲ့ထပ်တူပါပဲ။ တခြားနိုင်ငံမှာ အခွန်ကောက်တယ်ဆိုတာ သူတို့နိုင်ငံသားကို ကာကွယ်ပေးတယ်၊ ရှေ့က မားမားမတ်မတ် ရပ်တည်ပေးတယ်၊ အသက်အရွယ်တခုရောက်လို့ နားတဲ့အချိန်မှာ ပင်စင် တခြား အလုပ်အကိုင်ဖန်တီးပေးတယ်၊ ဒီမှာတော့ အခွန်ကောက်ပြီး သူတို့ဘတ်ဂျက်ပဲ ဖြည့်တင်းနေတယ်လို့ပဲ မြင်မိလာတယ်။” ဟူ၍ ဖြစ်သည်။

သင်္ဘောသားတဦး၏ ဇနီးကမူ ၎င်း၏ အမျိုးသားအနေဖြင့် တနှစ်ပတ်လုံးစာ ရှာဖွေထားသည့် ဝင်ငွေများထဲမှ စစ်ကောင်စီအား အခွန်အခ ပေးဆောင်ရမည့်အကြောင်း ကြားသိရသဖြင့် စစ်ကောင်စီအား ယခုလို မေးခွန်းထုတ်သည်။

“အခွန်ပြီးရင်ဘာထပ်ပြီး လူတွေကိုစိတ်ရော ကိုယ်ရော ဒုက္ခပေးပြီး လည်ပင်းညှစ်ဦးမယ် လို့ ကြံရွယ်ထားသေးလဲရှင့်” ဟု ဆိုသည်။ 

သင်္ဘောသားများ၏ ခြောက်လ (အောက်တိုဘာ ၁ ရက် ၂၀၂၃ မှ မတ်လ ၃၁ ရက် ၂၀၂၄)ကို လစာ၏ နှစ်ရာခိုင်နှုန်း ကြိုတင်အခွန်ဆောင်နိုင်ရန် ထုတ်ပြန်ချက်နှင့်စပ်လျဥ်း၍ မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ်ကလည်း အောက်တိုဘာလ ၂၀ ရက်နေ့က နေပြည်တော်ရှိ စစ်ကောင်စီလက်အောက်ခံ ပြည်တွင်းအခွန်များဦးစီးဌာနသို့ သွားရောက်တွေ့ဆုံကာ ညှိနှိုင်းတင်ပြချက်အရ လစာမရရှိသေးသော သင်္ဘောသားများအားအခွန်ကောက်ခံခြင်းက လက်တွေ့မဆန်ကြောင်း နှင့် လစာနှုန်းထားကြိုတင်ခန့်မှန်းမရသည့် သင်္ဘောသားများ၊ မလုပ်မရခင် ဝင်ငွေခွန် ကြိုတင်ပေးဆောင်ရမည့်ကိစ္စနှင့် အလုပ်ရသည့် သင်္ဘောသားများထံကသာ အခွန်ကောက်ခံပေးနိုင်ရန် ပြန်လည်စဉ်းစားသုံးသပ်ရန် တင်ပြကြောင်း ထုတ်ပြန်ထားသည်။ 

ထို့ကြောင့် ကြိုတင်အခွန်ကောက်ခံမည့်လုပ်ငန်းစဉ်အား ပြန်လည်သုံးသပ်နိုင်ရန်နှင့် အလုပ်ရသည့် သင်္ဘောသားများထံမှ အခွန်ကောက်ခံရန် လုပ်ငန်းစဉ်အား ဆက်လက်ညှိနှိုင်းရန်  "သင်္ဘောသားများ လစာဝင်ငွေခွန်ကောက်ခံခြင်းဆိုင်ရာ မျက်နှာစုံညီ ဆွေးနွေးပွဲ" ကို နိုဝင်ဘာလ ၂ ရက်နေ့တွင် ရန်ကုန်ရှိ MSF အဖွဲ့ချုပ်ရုံး၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#သင်္ဘောသားများ
#အခွန်ကောက်
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required