သရက်ချောင်းရဲစခန်းတိုက်ခိုက်ခံရ၊ ဒေသခံအမျိုးသမီး သေနတ်ကျည်ထိမှန်ဒဏ်ရာရ

By ကိုရွှေမြိတ်(မဇ္ဈိမ)
25 October 2023
သရက်ချောင်းရဲစခန်းတိုက်ခိုက်ခံရ၊ ဒေသခံအမျိုးသမီး သေနတ်ကျည်ထိမှန်ဒဏ်ရာရ
သရက်ချောင်းမြို့ပေါ်တွင် စစ်ကောင်စီလက်အောက်ခံအဖွဲ့များက ဒေသခံများအားတားဆီး စစ်ဆေးနေစဉ် (ပုံဟောင်း)

တနင်္သာရီတိုင်း၊ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့မှ ရဲစခန်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက  ယနေ့ အောက်တိုဘာလ ၂၅ ရက်နေ့ နံနက်တွင် သွားရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများကပြောသည်။

သရက်ချောင်းမြို့ပေါ်မှ ကျောက်မြောင်းရပ်ကွက်ရှိ မြို့မရဲစခန်းသည်  နံနက် ၅ နာရီခန့်တွင် စတင်တိုက်ခိုက်ခံရခြင်းဟု သိရသည်။

"ရဲစခန်းဖက်မှာ ဒီနေ့ မနက်က ပစ်ခတ်သံတွေတော်တော်လေးကို များတယ်ရှင့်။ အပြန်အလှန် ပစ်ခတ်နေတဲ့အချိန်မှာ ရဲစခန်းအနီးဝန်းကျင်က နေအိမ်တွေကလူတွေ အိမ်အောက်ထပ်မှာ ဝှက်(ပုန်း)နေကြတာရှိတယ်။ အဲ့ဒီ အထဲကမှ  အမျိုးသမီးငယ်တဦး သေနတ် နှစ်ချက်ထိပြီး ဆေးရုံကို ပို့ဆောင်ခဲ့ရတယ်”လို့ လုံခြုံရေး အရ အမည် မဖော်လိုသည့် ဒေသခံအမျိုးသမီးတဦးက မဇ္ဈိမကို ပြောသည်။

ဒဏ်ရာရ အမျိုးသမီးသည် အသက်(၁၅)နှစ်ခန့်ရှိပြီး စိုးရိမ်ရသည့် အခြေအနေဟု ဆိုသည်။

အပြန်အလှန်ပစ်ခတ်မှု မိနစ် ၃၀ ခန့် ဖြစ်ပွားခဲ့ပြီး  ရဲစခန်းအနီးရှိ နေအိမ်အချို့ပေါ်သို့ ကျည်ဆံများ ကျရောက်ခဲ့ကြောင်း ဒေသခံများကပြောသည်။ တိုက်ပွဲအတွင်း  ထိခိုက်မှုအခြေအနေ အသေးစိတ်ကို မသိရသေးပေ။

ရဲစခန်းအား တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး မကြာခင် သတင်းထုတ်ပြန်မည်ဟု  သရက်ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။

ရဲစခန်းတိုက်ခိုက်ခံခဲ့ရသော်လည်း သရက်ချောင်းမြို့ပေါ်တွင် ယနေ့ မွန်းလွဲပိုင်း၌ စစ်ဆေးမှုများ မရှိဘဲ  ပုံမှန်အခြေအနေဟု  ဒေသခံများထံမှ သိရသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly