ကော့ကရိတ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ် တပ်ရင်းမှူးအပါအဝင် ၆ ဦးသေဆုံး

By YT(မဇ္ဈိမ)
25 October 2023
ကော့ကရိတ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ် တပ်ရင်းမှူးအပါအဝင် ၆ ဦးသေဆုံး
ပုံအညွှန်း- KNLA ရဲဘော်များအား တွေ့ရစဉ် (ဓါတ်ပုံ- KNU)

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ တတန်ကူးကျေးရွာနှင့် ဆင်ကုန်းကျေးရွာအကြားတွင် ယမန်နေ့ အောက်တိုဘာလ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီဘက်တွင် တပ်ရင်းမှူးတဦးအပါအဝင် ခြောက်ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံက သတင်းရရှိသည်။

ယမန်နေ့ အောက်တိုဘာလ ၂၄ ရက်နေ့၊ နံနက်ပိုင်းမှစ၍ ညပိုင်းအထိ တပ်မဟာ (၆) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့နှင့် တပ်မ (၄၄) လက်အောက်ခံ စစ်ကောင်စီတပ်များအကြား ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်တွင် ခြေမြန်တပ်ရင်း ခမရ (၂၀၇) မှ တပ်ရင်းမှူး ဗိုလ်မှူး ငြိမ်းချမ်းကိုကို အပါအဝင် စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံးကာ ဒဏ်ရာရသူ ရှစ်ဦးရှိခဲ့ကြောင်း သိရသည်။

" ညက ၁၀ နာရီလောက်ထိ ဆက်ဖြစ်သေးတယ်။ ဒီမနက်တော့ အေးဆေးဖြစ်သွားပြီ။ စကစကတော့ မြို့ထဲဘက် ပြန်လှည့်သွားပြီ။ သူတို့ဘက်က (၂၀၇) တပ်ရင်းမှူး သေတယ်၊ တပ်မ (၄၄) လက်အောက်ကလေ၊ ပြီးတော့ နောက်ထပ် ငါးယောက်သေတယ်။ ဒဏ်ရာရတာကတော့ လောလောဆယ် ရှစ်ယောက်လို့ သိထားတယ်" ဟု မြေပြင်သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

ထို့ပြင် တပ်မဟာ (၆) KNLA ပူးပေါင်းတပ်ဖွဲ့ဘက်တွင်လည်း ရဲဘော်တဦး မစိုးရိမ်ရ ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ယမန်နေ့က ဖြစ်ပွားခဲ့သော အဆိုပါ တိုက်ပွဲအတွင်း အထိနာနေသည့် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားရာ အနီးတဝိုက်ရှိ ဆင်ကုန်းကျေးရွာ၊ တတန်ကူးကျေးရွာနှင့် ဝင်းကြီးဘက်ဒေသဘက်သို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ခြောက်ကြိမ်အထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ကော့ကရိတ်မြို့နယ်အတွင်းရှိ လှိုင်ဝအမြှောက်တပ်နှင့် ခြေလျင်တပ်ရင်း ခလရ (၉၇) အပါအဝင် စစ်ကောင်စီတပ်စခန်းများမှ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး ကျေးရွာများအတွင်း ကျရောက်ပေါက်ကွဲ၍ ဒေသခံများ​၏ နေအိမ်၊ အဆောက်အဦများ ပျက်စီးမှုရှိကြောင်း မြေပြငါသတင်းရင်းမြစ်က ပြောသော်လည်း မဇ္ဈိမအနေဖြင့် အသေးစိတ်အား ဆက်လက်အတည်ပြုနေဆဲ ဖြစ်သည်။

တိုက်ပွဲဖြစ်ပွားမှုနှင့် စစ်ကောင်စီတပ်​၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့သည့် အနီးအနားကျေးရွာများမှ ဒေသခံအများစုသည်လည်း ယနေ့ အောက်တိုဘာလ ၂၅ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိတော့သဖြင့် နေရပ်သို့ ပြန်လာနေထိုင်နေကြပြီဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly