အကူအညီများ ဝင်ခွင့်ရစေရေး တိုက်ခိုက်မှုများ ရပ်ဆိုင်းထားရန် ကမ္ဘာ့ခေါင်းဆောင်များ တောင်းဆိုစဉ် အစ္စရေးက ဂါဇာကို ဗုံးကြဲမှုများ အရှိန်မြှင့်

By ရိုက်တာ
25 October 2023
အကူအညီများ ဝင်ခွင့်ရစေရေး တိုက်ခိုက်မှုများ ရပ်ဆိုင်းထားရန် ကမ္ဘာ့ခေါင်းဆောင်များ တောင်းဆိုစဉ် အစ္စရေးက ဂါဇာကို ဗုံးကြဲမှုများ အရှိန်မြှင့်
Photo-AFP

ပိတ်ဆို့ခံ ဂါဇာကမ်းမြှောင်ဒေသဆီသို့ အကူအညီများ ဝင်ခွင့်ရစေရန် တိုက်ခိုက်မှုများ ရပ်တန့်ရေး ကမ္ဘာ့ခေါင်းဆောင်များက တိုက်တွန်းလျက်ရှိစဉ် အစ္စရေးစစ်တပ်သည် ဂါဇာတောင်ပိုင်းကို ညပိုင်းအတွင်း ဗုံးကြဲမှုများ အရှိန်မြှင့်လုပ်ဆောင်ခဲ့သည်။ ထိုမတိုင်မီက ပဋိပက္ခစတင်ပြီးနောက်ပိုင်း ပါလက်စတိုင်းများအတွက် အသေအပျောက်အများဆုံး နေ့တနေ့ကိုလည်း ကြုံတွေ့ခဲ့ရသည်။

အစ္စရေး-ဟားမတ်စ် ပဋိပက္ခက အရှေ့အလယ်ပိုင်းအနှံ့ ပျံ့နှံ့မည်ကို စိုးရိမ်ပူပန်မှုများ ရှိနေစဉ် အီရန်၏ မဟာမိတ် ဆီးရီးယားမှ ရော့ကတ်များ ပစ်လွှတ်မှုအပေါ် တုံ့ပြန်သည့်အနေဖြင့် ဆီးရီးယား၏ စစ်တပ် အခြေခံအဆောက်အအုံနှင့် မော်တာလောင်ချာများကို ဂျက်လေယာဉ်များဖြင့် တိုက်ခိုက်ခဲ့သည်ဟု အစ္စရေးစစ်တပ်က ပြောသည်။

နောက်ထပ် အသေးစိတ်အချက်အလက်များကို အစ္စရေးစစ်တပ်က ပြောဆိုခြင်း မရှိပေ။ ဆီးရီးယားစစ်တပ်သည် ရော့ကတ်နှစ်စင်း ပစ်လွှတ်ခဲ့သည်ဟု အစ္စရေးက စွပ်စွဲပြောဆိုပြီး ထိုရော့ကတ်များကြောင့် သိမ်းပိုက်ထားသည့် ဂိုလန် ကုန်းမြင့်ဒေသတွင် လေကြောင်းစီးနင်းမှု အချက်ပေးဉဩဆွဲမှုများ ဖြစ်ပေါ်ခဲ့သည်။

အနောက်တောင်ပိုင်းမြို့ ဒါရာအနီး “လေကြောင်း တိုက်ခိုက်မှု” တခုအတွင်း အစ္စရေး၏ တိုက်ခိုက်မှုကြောင့် စစ်သား ရှစ်ဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရကြောင်း စစ်ဘက်သတင်းရင်းမြစ်တဦးကို ကိုးကားပြီး ဆီးရီးယား အစိုးရ သတင်းအေဂျင်စီက ပြောသည်။

စိတ်ဖိစီးစရာ အခြေအနေများနှင့် ပါလက်စတိုင်းများ နေထိုင်ရလျက် ရှိသော ဂါဇာထဲသို့ အကူအညီများ ဝင်ရောက်ခွင့်ရစေရန် အစ္စရေးနှင့် ဟားမတ်စ်အကြား တိုက်ခိုက်မှုများ ရပ်ဆိုင်းရေး အမေရိကန်နှင့် ရုရှားတို့ ဦးဆောင်လျက် နိုင်ငံတကာက တောင်းဆိုလျက်ရှိသည်။

အောက်တိုဘာ ၂၄ ရက်က ကလေးငယ် ၃၀၅ ဦး အပါအဝင် ပါလက်စတိုင်း ၇၀၄ ဦး သေဆုံးကြောင်း ဟားမတ်စ် ထိန်းချုပ်သည့် ဂါဇာရှိ ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။ ယင်းသည် ပြီးခဲ့သည့် သုံးပတ်နီးပါးအကြာက ပဋိပက္ခ စတင်ပြီးနောက်ပိုင်း တနေ့တည်းအတွင်း အမြင့်ဆုံးသော သေဆုံးမှုပမာဏဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုရေးရာ ညှိနှိုင်းရေးရုံးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly