မင်းတပ်မြို့ပေါ်ရှိ စစ်ကောင်စီတပ်ကို CDF တိုက်ခိုက်

By ပါခွီး(မဇ္စျိမ)
26 October 2023
မင်းတပ်မြို့ပေါ်ရှိ စစ်ကောင်စီတပ်ကို CDF တိုက်ခိုက်
ပုံအညွှန်း - ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) ရဲဘော်များ ဓါတ်ပုံ - CDF - Mindat

ချင်းပြည်နယ် ၊ မင်းတပ်မြို့ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) CDF – Mindat ကသွားရောက်တိုက် ခိုက်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်ထံက သိရသည်။

မင်းတပ်မြို့ မိခင်နှင့်ကလေးကျန်းမာရေးရုံးနားရှိ M- 1 အဆောက်အအုံတွင် တပ်စွဲထားသည့် အင်အား ၄၀ ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့များကို အောက်တိုဘာလ ၂၄ရက်ည ၁၁နာရီ အချိန်တွင် ဝင်ရောက်တိုက်ခိုက်ခြင်း ဖြစ်သည်။

“တိုက်ပွဲဖြစ်တာက ဟုတ်ပါတယ် ၊ ညတိုက်ပွဲဆိုတော့ ထိခိုက်သေဆုံးတာကို အတည်မပြုနိုင်ဘူးဗျ ၊ ကိုယ်ဖက်ကတော့ အထိခိုက်မရှိပါဘူး” ဟု CDF – Mindat စစ်ရေးတာဝန်ရှိသူတဦးက မဇ္စျိမ ကိုပြောသည်။

၁၅မိနစ်အကြာဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖက်မှလည်း လက်နက်ကြီးငယ်များဖြင့် ပြန်လှန်ပစ်ခတ်ခဲ့သော်လည်း မိုးရွာသွန်းမှုအောက်မှ ချင်းကာကွယ်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းဆိုသည်။

စစ်ကောင်စီတပ်စွဲထားသည့် အထိုင်ဂိတ်နှင့် စခန်းများကို ရရင်ရသလို တိုက်ခိုက် သွားလေ့ရှိပြီး မြို့တွင်းလူထူထပ်သည့်နေရာမျိုးတွင် တိုက်ခိုက်မှုမပြုလုပ်ကြောင်း စစ်ရေးတာဝန်ရှိသူက ဆက်ပြောသည်။

သို့သော် CDF – Mindat အနေဖြင့် စစ်ကောင်စီတပ်၏ ထောက်ပို့လမ်းကြောင်း ကို ထိန်းချုပ်ပြီး ရိက္ခာဖြတ်တောက်ကာ ပိတ်ဆို့ထားပြီး ဗျူဟာအဆင့်နှင့် အင်အားသုံး တိုက်ခိုက်မှုများ မပြုလုပ်သေးကြောင်းသိရသည်။

ဩဂုတ်လ ၂၀ရက်နေ့ကလည်း မင်းတပ်မြို့တွင်း၌ မီးသတ်ကုန်း ၊ အထက(၂)စာသင်ကျောင်းအပါအဝင် ဌာနဆိုင်ရာရုံးများနှင့် မြို့အဝင်အထွက်ဂိတ်များကို စစ်ကောင်စီတပ်ဖွဲ့စောင့်ကြပ်နေသည့်ကြားမှ စစ်ကောင်စီတပ်မှ ဆရာဝန်သုံးသည့် အိမ်စီးကား တစ်စီးကို CDF – Mindat က မောင်းနှင်ယူဆောင်ခဲ့သေးသည်။

ပခုက္ကူမြို့နယ်မှ ထွက်လာပြီး မင်းတပ်နှင့် မတူပီမြို့ဖက်သို့ သွားရောက်နိုင်သည့် ဟု ခန့်မှန်းထားသည့် စစ်ကောင်စီတပ် အင်အား ၃၀၀ခန့်နှင့် ယာဥ်အစီး ၈၀ ခန့် ယခုတွင် ကျောက်ထုဖက်သို့ ထွက်မလာသေးဘဲ ပေါက်မြို့နယ်အတွင်း စစ်ကြောင်းထိုးလျက်ရှိ ကြောင်းသိရသည်။

မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီတပ်သည် လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်နေပြီး ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ ပြည်သူများအနေဖြင့် လေကြောင်းနှင့် လက်နက်ကြီးအန္တရာယ်တို့မှ ကာကွယ်နိုင်ရန် နေအိမ်များအနီး ပုန်းခိုကျင်းများ တူးထားကြရန် CDF – Mindat က အောက်တိုဘာလ ၁၅ရက် နေ့ တွင် ထပ်မံထုတ်ပြန်သတိပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly