မင်းတပ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ ကလေး ၂ ဦးဒဏ်ရာရကာ နေအိမ်များ ပျက်စီး

By ပါခွီး(မဇ္စျိမ)
15 October 2023
မင်းတပ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ ကလေး ၂ ဦးဒဏ်ရာရကာ နေအိမ်များ ပျက်စီး
ပုံအညွှန်း -လက်နက်ကြီးပစ်ခတ်မှုကြောင့် ပျက်စီးမှုများ(ဓါတ်ပုံ - မင်းတပ်-ပအဖ)

ချင်းပြည်နယ် ၊ မင်းတပ်မြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ကလေး နှစ်ဦးဒဏ်ရာရရှိခဲ့ပြီး နေအိမ်များထိခိုက်ပျက်စီးခဲ့ကြောင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အောက် တိုဘာလ ၁၄ ရက်နေ့က ထုတ်ပြန်သည်။

စစ်ကောင်စီတပ်မှ ပစ်ခတ်သည့်လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၁၈ နှစ် အောက် ကလေးငယ်နှစ်ဦးဒဏ်ရာရရှိပြီး လူနေအိမ်အချို့ပျက်စီးကာ အိမ်မွေးတိရစ္ဆာန် သေဆုံးမှုများရှိ သည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“တိုက်ပွဲရှိလို့တော့ မဟုတ်ဘူး၊ အရင်က လက်နက်ကြီး ပစ်ပုံနဲ့ ပေါက်ကွဲပုံတွေနဲ့ အခုဟာက မတူဘူး"ဟု ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံ ဆလိုင်းယောမန်က မဇ္စျိမကို ပြောသည်။

မင်းတပ်မြို့သို့ စစ်ကောင်စီတပ်ဖွဲ့၏ ခဲယမ်းနှင့် ရိက္ခာယာဉ်တန်း ရောက်ရှိလာတော့မည်ဖြစ်၍ ယခုကဲ့သို့ လက်ကျန်ခဲယမ်းများကို ဂိုထောင်ရှင်းသည့်အနေဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပစ်ခတ်ခြင်းလည်းဖြစ် နိုင်သည်ဟု ၎င်းကဆိုသည်။

ယခုရက်ပိုင်းအတွင်း မင်းတပ်မြို့ပေါ်ရှိ ခလရ(၂၇၄)တပ်ရင်းမှ ဟောင်ဝစ်ဇာအမြောက်အပါအဝင် လက် နက်ကြီးများဖြင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများဘက်သို့ ပစ်ခတ်နေသည်ဟု အုပ်ချုပ်ရေးအဖွဲ့တာဝန် ရှိသူက ဆိုသည်။

အောက်တိုဘာလ ၂ ရက်နေ့ ည ၇ နာရီ ၁၅ မိနစ်က စစ်ကောင်စီတပ်ဖွဲ့ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၁၈ နှစ်အရွယ် မိန်းကလေးတဦးနှင့် အသက် ၁၁ နှစ် အရွယ် ယောကျ်ားလေးတဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ အောက်တိုဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါစစ်ကောင်စီတပ်က တိုက်နယ် အမှတ်(၂) အတွင်းရှိ ကျေးရွာများသို့ ဟောင်ဝစ်ဇာအမြောက်ဖြင့် သုံးကြိမ်နှင့် ညနေပိုင်းတွင် မင်းတပ် - မတူပီ (၁၄) မိုင်ဘက်သို့သုံးကြိမ် ပစ်ခတ်ခဲ့ကြောင်းဆိုသည်။

အောက်တိုဘာလ ၁၃ ရက် နံနက် ၁၀ နာရီဝန်းကျင်ကလည်း ခလရ (၂၇၄) တပ်ရင်းမှ လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်ရာ လူနေအိမ်အချို့ပျက်စီးပြီး အိမ်မွေးတိရစ္ဆာန်များ သေဆုံးခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းနေ့က စစ်ကောင်စီတပ်ကလက်နက်ကြီးဖြင့် စတင်ပစ်ခတ်ပြီးနောက် ဒေသခံများ ဗုံးခိုကျင်းအတွင်း ပြေးလွှားပုန်းခိုကြသဖြင့် အထိအခိုက်မရှိခဲ့ခြင်းဖြစ်သည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူထံမှ သိရသည်။

စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် အချိန်မရွေး ပစ်ခတ်နေသောကြောင့် ပြည်သူများအနေဖြင့် ဗုံးခို ကျင်းတူးထားကြရန်နှင့် မည်ကဲ့သို့တူးရမည်ဆိုသည်ကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် အကြိမ်ကြိမ် အသိပေးထားပြီးဖြစ်ကြောင်း ဆလိုင်းယောမာန်က ပြောသည်။
မင်းတပ်မြို့နယ်အတွင်း ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ မရရှိသဖြင့် အသိပေးမှုအပိုင်းနှင့် ဆက်သွယ် မှု အပိုင်းများတွင် အခက်အခဲများနှင့် တွေ့ကြုံနေရကြောင်း သိရသည်။

စက်တင်ဘာလ ၂၉ ရက်နေ့ကလည်း မင်းတပ်မြို့တွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်က လက်နက်ကြီး ဖြင့်ပစ်ခတ်သဖြင့် ဒေသခံနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)က အောက်တို ဘာလ ၁ ရက်နေ့က ထုတ်ပြန်ထားသည်။

စာတည်း ။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required