မြိတ်မြို့ တုံးဗျောကြီးရွာရှိ စစ်ကောင်စီတပ်စခန်း ကာကွယ်ရေးတပ်ဖွဲ့ တိုက်ခိုက်

By ကိုရွှေမြိတ်(မဇ္ဈိမ)
22 October 2023
မြိတ်မြို့ တုံးဗျောကြီးရွာရှိ စစ်ကောင်စီတပ်စခန်း ကာကွယ်ရေးတပ်ဖွဲ့ တိုက်ခိုက်

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ တုံးဗျောကြီးကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးဆိုသူများ တပ်စွဲထားသည့် စခန်းကို အောက်တိုဘာလ ၂၀ ရက် နံနက်ပိုင်းတွင် ကာကွယ်ရေးပူးပေါင်းအဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“တိုက်ပွဲက မနက်ပိုင်းကနေ နေ့လယ်ပိုင်း အထိ ဖြစ်တယ်။  နောက်ပြီး စစ်တပ်ဘက်က စစ်ကူတွေ ရောက်လာတော့ တော်လှန်ရေး အဖွဲ့တွေက အခြေအနေအရ ပြန်ဆုတ်လာခဲ့ရတယ်”ဟု PDF ရဲဘော်တဦးက ပြောသည်။

အဆိုပါ စခန်းသည် မြိတ်-တနင်္သာရီ လမ်းပိုင်း ပြည်ထောင်စုလမ်းမကြီးတွင် ဘန်ကာများဖြင့် အခိုင်အမာ တည်ဆောက်ထားခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က စခန်းသိမ်း တိုက်ပွဲ အဖြစ် သွားရောက်တိုက်ခိုက်စဉ် နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွါးခဲ့ခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။

“တိုက်ပွဲ ဖြစ်နေတဲ့နေ့က ကျွန်တော်တို့ သိရသလောက်ကတော့ ၁၀ ဦးလောက် သေတယ်လို့ သိရတယ်။ ခြောက်ဦးက အဖမ်းခံရ သလိုလိုနဲ့ ပျောက်ဆုံးနေတဲ့ အနေအထားလည်း ဖြစ်နေတယ်။ အခုချိန်ထိတော့ သေချာမပြောနိုင်သေးဘူး”ဟု တုံးဗြောကြီးရွာ ဒေသခံတဦးက ပြောသည်။

တိုက်ပွဲဖြစ်ပွားသည့်နေ့တွင် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများပြီး သေဆုံးသွားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များထဲမှ အရာရှိ ရုပ်အလောင်းကိုသာ စစ်ကူအဖွဲ့က လာရောက်သယ်ဆောင်ခဲ့ကာ ကျန်စစ်‌ကောင်စီတပ်ဖွဲ့ဝင်များ၏ ရုပ်အလောင်းများကို ယင်းတပ်စခန်းတွင် မိုးကာအစဖြင့် ဖုံးအုပ်၍ ထားခဲ့သည်ဟု ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကူလာသည့် စစ်ကောင်စီတပ်ဖွဲ့က အနီးနားရှိကျေးရွာများကို စစ်ကြောင်းထိုးကာ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကြောင့် ကျေးရွာအချို့မှ ဒေသခံများ နှစ်ရက်နီးပါး ထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း ဒေသခံများထံက သိရသည်။

ယင်းတိုက်ခိုက်မှုကို မြိတ် (ပကဖ) ၊ တနင်္သာရီ (ပကဖ) အပါအဝင် ဒေသအခြေစိုက် တော်လှန်ရေး ပူးပေါင်းအဖွဲ့များက တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း PDF ရဲဘော်များထံက သိရသည်။

တိုက်ပွဲအ‌ခြေအနေနှင့်ပတ်သက်၍ မဇ္ဈိမက သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့များ၏ တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်ရာ နေရာအချို့တွင် လက်ရှိအချိန်အထိ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခြင်းကြောင့်  တော်လှန်ရေး ပူးပေါင်းအင်အားစုများ အနေဖြင့် စစ်ရေးသတင်းများ ထုတ်ပြန်နိုင်ဦးမည် မဟုတ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါ တုံးဗျောကြီးကျေးရွာ စစ်ကောင်စီတပ်စခန်းကို ဇူလှိုင် ၄ ရက်နေ့တွင် ပြည်သူ့ ကာကွယ်ရေး မဟာမိတ်များဖြစ်သည့် မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ မြိတ်၊ ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့ (တနင်္သာရီ ပကဖ) SWDFတပ်ဖွဲ့၊ မြိတ်ခရိုင် တပ်ရင်း (၂) တို့က မြေပြင်နှင့် ဒရုန်းတို့ဖြင့် သွားရောက် တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဘက်မှ သုံးဦးသေဆုံးပြီး ငါးဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း တော်လှန်ရေး အင်အားစုများထံက သိရသည်။

စာတည်း ။       ။ ဖူးသိမ်ကျ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly