မြဝတီတွင် ဆေးရုံဝန်ထမ်း သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

By YT(မဇ္ဈိမ)
18 October 2023
မြဝတီတွင် ဆေးရုံဝန်ထမ်း သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး
ပုံအညွှန်း- ကိုစိုးမင်းအောင် ပစ်ခတ်ခံရသည့်နေရာ (ဓါတ်ပုံ- PAN)

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ အမှတ် (၄) ရပ်ကွက်ရှိ မြဝတီခရိုင် ပြည်သူ့ဆေးရုံမှ ဝန်ထမ်းတဦး ယမန်နေ့ အောက်တိုဘာလ ၁၇ ရက်နေ့က သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံက သတင်းရရှိသည်။

အောက်တိုဘာလ ၁၇ ရက်နေ့၊ ညနေ ၅ နာရီခွဲအချိန်တွင် မြဝတီခရိုင် ပြည်သူ့ဆေးရုံဝင်းအတွင်းသို့ အမည်မသိ သေနတ်သမားများက ဝင်လာပြီး ဆေးရုံဝင်းအတွင်းရှိ သစ်ပင်အောက်တွင် ထိုင်နေသော အသက် ၃၀ အရွယ်ရှိ ကိုစိုးမင်းအောင်ကို ပစ်ခတ်သွားခြင်းဖြစ်သည်။

ကိုစိုးမင်းအောင်သည် မြဝတီခရိုင်ပြည်သူ့ဆေးရုံ၊ ငှက်ဖျားတိုက်ဖျက်ရေးဌာနမှ ကျန်းမာရေးဝန်ထမ်းတဦးဖြစ်ပြီး သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးခေါင်းတွင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကာ အဆိုပါ ဒဏ်ရာဖြင့်ပင် သေဆုံးသွားကြောင်း သိရသည်။

" ဖြစ်စဉ်က နှစ်မျိုးဖြစ်နေတယ်။ ဆိုင်ကယ်နဲ့ လာပစ်တယ်လို့ ပြောတဲ့သူလည်းရှိတယ်။ ကားနဲ့ လာပစ်တယ်လည်းပြောနေကြတယ်။ ဘယ်ဟာကို အတည်ယူရမလဲ မသိဘူး။ အပစ်ခံရတာတော့ ဆေးရုံဝင်းထဲမှာပဲ။ ဆေးရုံအဆောက်အဦရှေ့က သစ်ပင်အောက်မှာ ပစ်ခံရတာ" ဟု မြဝတီမြို့နယ်မှ သတင်းရင်းမြစ်တဦးက မဇ္ဈိမကိုပြောသည်။

" ခေါင်းမှာပဲ ဒဏ်ရာရတာ။ ကျန်တဲ့နေရာမှာ လုံးဝ မထိဘူး။ ပွဲချင်းပြီး သေတာလည်း မဟုတ်ဘူး၊ ဒဏ်ရာသန့်စင်တာတို့ စစ်ဆေးတာတို့ လုပ်သေးတယ်။ ပစ်ခံရပြီး တနာရီကျော်ကျော်လောက်ကြာတော့မှ သေသွားတာ" ဟု အခြား သတင်းရင်းမြစ်တဦးက မဇ္ဈိမကိုပြောသည်။

စစ်ကောင်စီဘက်က ဝါဒဖြန့်ချန်နယ်များကမူ ကိုစိုးမင်းအောင်ကို PDF များက ပစ်ခတ်သွားခြင်းဖြစ်သည်ဟု ဖော်ပြနေကြသော်လည်း မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးချေ။

မြဝတီမြို့နယ်တွင် စစ်ဘက်ရေးရာနှင့် သက်ဆိုင်ခြင်းမရှိသည့် အရပ်သားများ မကြာခဏ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသည့် ဖြစ်စဉ်များ ရှိသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၅ ရက်နေ့ကလည်း မြဝတီမြို့နယ်၊ အမှတ် (၄) ရပ်ကွက်၊ ပန်းခြံ (၃) လမ်းတွင် နေထိုင်သည့် ကိုသန်းထိုက်အောင်နှင့် မနှင်းနှင်းဝေတို့သည် ၎င်းတို့​၏ နေအိမ်အတွင်း၌ ရှိစဉ်တွင် အမည်မသိ သေနတ်သမားများ​၏ နေအိမ်အတွင်း ဝင်ရောက် ပစ်ခတ်ခြင်းခံရပြီး သေဆုံးခဲ့သလို အောက်တိုဘာ ၂ ရက်နေ့တွင်လည်း မြဝတီမြို့ပေါ်၊ အမှတ် (၄) ရပ်ကွက်၊ တောရကျောင်းလမ်းမပေါ်တွင် ကမ္ဘောဇဘဏ် (၁)၊ မန်နေဂျာ ဦးတင်မောင်အေးသည်လည်း သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။

စာတည်း- သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly