ရေးမြို့နယ် ငါးဦးစီးမှူးပစ်ခတ်ခံရပြီး သေဆုံး

By ဂျူချန်း(မဇ္ဈိမ)
18 October 2023
ရေးမြို့နယ် ငါးဦးစီးမှူးပစ်ခတ်ခံရပြီး သေဆုံး
ပုံအညွှန်း-ဦးဇော်နိုင်လင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် ကမ်းနားဈေးရှိ  ဖူးကော်ဖီဆိုင်တွင် မနက်စာစားနေသည့် ရေးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန ငါးဦးစီးမှူး ဦးဇော်နိုင်လင်းကို ယနေ့ အောက်တိုဘာလ ၁၈ ရက်နေ့ နံနက် ၇နာရီခွဲအချိန်၌ ရေးဘီလူးအဖွဲ့မှ ပစ်ခတ်ခဲ့ပြီး နေရာတွင် သေဆုံးခဲ့ကြောင်း ရေဘီလူးအဖွဲ့ခေါင်းဆောင်နှင့် ဒေသခံများထံမှ သိရသည်။

“ငါးဖမ်းသင်္ဘောတွေ အဓိက သူ့မှာအခွန်ဆောင်ရတယ်ပေါ့နော်။ အာဏာသိမ်းထားတဲ့အပေါ်မှာ စစ်ကောင်စီယန္တရားကို လည်ပတ်ဖို့ ဦးဆောင်နေလို့ ရေးမြို့လယ်မှာ ကိုးမမ အတိုနဲ့ လေးချက် ရှင်းလင်းလိုက်တာပါ”  ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က မဇ္ဈိမကိုပြောသည်။

သေဆုံးသွားသည့် ရေးမြို့နယ် ငါးဦးစီးမှူး ဦးဇော်နိုင်လင်းသည် ရေးခရိုင်အတွင်းရှိ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူများထံမှ စစ်ကောင်စီအတွက် အခွန်ကောက်ခြင်းများ လုပ်ဆောင်နေခြင်းဖြစ်သဖြင့် ပစ်ခတ်လိုက်ခြင်းဖြစ်ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ဆိုသည်။

ဦးဇော်နိုင်လင်း ပစ်ခတ်ခံရပြီးနောက် ရေးမြို့အနှံ့တွင် စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များ စစ်ဆေးခြင်းများ လုပ်ဆောင်နေကြောင်း ဒေသခံမှ သိရသည်။

“ရေးမြို့နယ် ငါးဦးစီးပစ်ခံရတာ။ ဖြစ်တဲ့နေရာမှာပဲ ပွဲပြီးသွားတယ်။ စစ်တာဆေးတာတွေက လက်ရှိအချိန်အထိ ရှိတယ်။ စစ်ဆေးနေကြဆဲပဲ” ဟု ဒေသခံတဦးက မဇ္ဈိမကို ယနေ့ မွန်းတည့် ၁၂ နာရီတွင်ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင်လည်း ရေးမြို့နယ်နှင့် အစင်ကျေးရွာကြား ကားလမ်းမတွင် အောင်မေတ္တာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအေးလွင်ကို ရေးဘီလူးအဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့သေးသည်။

ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများအပါအဝင် စစ်ကောင်စီနှင့် ပတ်သက်ဆက်နွယ်သူများအား ရေးဘီလူးအဖွဲ့မှ စစ်ကောင်စီနှင့် မပတ်သက်ရန် သတိပေးထားပြီး စစ်ကောင်စီဒေါက်တိုင်များအား မကြာခဏ ပစ်ခတ်ခြင်းများ လုပ်ဆောင်နေသည်။

စာတည်း -သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly