တနင်္သာရီတိုင်းတွင် စစ်ဘေးရှောင် ၂၁,ဝဝဝ ကျော်ရှိဟု ဒေါနတနင်္သာရီ ထုတ်ပြန်

By ကိုရွှေမြိတ်(မဇ္ဈိမ)
15 October 2023
တနင်္သာရီတိုင်းတွင် စစ်ဘေးရှောင် ၂၁,ဝဝဝ ကျော်ရှိဟု ဒေါနတနင်္သာရီ ထုတ်ပြန်
ပုံအညွှန်း- တနင်္သာရီတိုင်းမှ စစ်ဘေးရှောင်များ

တနင်္သာရီတိုင်းတွင် စက်တင်ဘာလအတွင်း နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ဦးရေ ၂၁,ဝဝဝ ကျော်ရှိသည်ဟု ဒေါနတနင်္သာရီ-စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့က ယမန်နေ့ အောက်တိုဘာလ ၁၄ရက်က ထုတ်ပြန်သည်။

“တိုက်ပွဲတွေကြောင့် ယာယီစစ်ဘေးရှောင်ကြရတဲ့ စစ်ဘေးရှောင်ဦးရေကိုပါ ထည့်တွက်ထားတာပါ။ အခုချိန်မှာတော့ စစ်ကြောင်းထိုးမှု၊ ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှု မရှိတော့တဲ့ ဒေသတွေက ပြည်သူတွေအနေနဲ့ နေရပ်ပြန်နေကြပါပြီ”ဟု ဒေါနတနင်္သာရီ-စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့မှတာဝန်ရှိသူ ကိုယွန်းနသန်က ပြောသည်။

မြေပြင်အခြေအနေများ၊ သတင်းဌာနတို့မှ ရရှိသော အချက်အလက်များနှင့် ၂ဝ၁၄ သန်းခေါင်စာရင်းတို့ အပေါ် အခြေခံ၍ စုစည်း တွက်ချက်ထားခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

တနင်္သာရီဒေသ တခုလုံးအတွင်း စက်တင်ဘာလတွင် မြေပြင်ရှိ စစ်ဘေးရှောင် ဦးရေ ၅ဝ,ဝဝဝ နီးပါးခန့် ရှိခဲ့ပြီး စက်တင်ဘာလနောက်ဆုံးပတ်အထိ မြေပြင် စစ်ဘေးရှောင် ဦးရေ ၂၁,ဝဝဝ ကျော် ကျန်ရှိနေဆဲ ဖြစ်သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

“စစ်ဘေးရှောင်တွေ အတွက်ကတော့ စားဝတ် နေရေး၊ ကျန်းမာရေး၊ ပညာရေး လိုအပ်ချက်တွေ ရှိနေတုန်းပါ”ဟု ဒေါနတနင်္သာရီ-စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

ထားဝယ်ဒေသ၊ အရှေ့တောနယ်တွင် စစ်ဘေးရှောင် ၂,ဝဝဝ ကျော်၊ ရေဖြူမြို့နယ်တွင် ၅,ဝဝဝ ကျော်၊ သရက်ချောင်းမြို့နယ်တွင် ၈,ဝဝဝ ခန့်နှင့် လောင်းလုံး မြို့နယ်တွင် ၆,၅ဝဝ ခန့်ရှိသည်ဟု ဒေါနတနင်္သာရီ-စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

လက်ရှိတွင် အချို့သော ဒေသများ၌ ပြန်လည်ငြိမ်သက်မှုများ ရှိနေ၍ နေရပ်ပြန်သွားကြသူများရှိပြီး အမြဲတမ်းစစ်ရှောင် ၂၁၀၀၀ ကျော်ကျန်ရှိနေဆဲ ဖြစ်သည်ဟု ဖော်ပြထားသည်။

လက်ရှိတွင် အဆိုပါ စစ်ဘေးရှောင် ၂၁၀၀၀ ကျော်ထဲမှ အများစုသည် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ၏ ထိန်းချုပ်နယ်မြေနှင့် PDF တပ်ဖွဲ့များ၏ စိုးမိုးနယ်မြေများတွင် ခိုလှုံနေရကြောင်း ကိုယွန်းနသန်က ဆိုသည်။

စစ်ဘေးရှောင်များသည်  ရာသီအကူးအပြောင်း ကာလကြောင့် ဆောင်းရာသီ အစပိုင်းတွင် ရာသီတုပ်ကွေး ဖြစ်ပွားခြင်း၊ ဖျားနာခြင်း စသည့်ရောဂါများ ယခုထက်ပိုပြီး ဖြစ်ပွားလာနိုင်ခြေရှိကြောင်း စစ်ရှောင်အရေး ကူညီပေးနေသူများထံက သိရသည်။

အချို့သောလမ်းများတွင် စစ်ကောင်စီတပ်ဖွဲ့က ဆေးဝါးများ သယ်ယူခွင့် တားဆီးပိတ်ပင်ခြင်းများရှိနေ၍ စစ်ရှောင်များအတွက် ကျန်းမာရေးကူညီပေးရန် အခက်အခဲရှိနေသည်ဟု ကူညီပေးနေသူများက ဆိုသည်။

စာတည်း။        ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။    ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly