ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ကြရန် စစ်ကောင်စီ UEC က နိုင်ငံရေးပါတီများကို နှိုးဆော်

By 001 (မဇ္ဈိမ)
17 October 2023
ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ကြရန် စစ်ကောင်စီ UEC က နိုင်ငံရေးပါတီများကို နှိုးဆော်

ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရေးနှင့် အနိုင်ရရှိရေးအတွက် ကြိုတင်ပြင်ဆင်​​ဆောင်ရွက်ကြရန် စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ဥက္ကဋ္ဌ ဦးသိန်းစိုးက နိုင်ငံရေးပါတီများကို ယမန်နေ့ အောက်တိုဘာလ ၁၆ ရက်နေ့က နှိုးဆော်မှာကြားခဲ့ကြောင်း သိရသည်။

နေပြည်တော်ရှိ UEC ရုံးတွင် နိုင်ငံရေးပါတီ ၃၇ ပါတီမှ ဥက္ကဋ္ဌများ၊ ခေါင်းဆောင်များနှင့် တွေ့ဆုံရာတွင် အထက်ပါအတိုင်း မှာကြားခဲ့ခြင်းဖြစ်ကြောင်း ယနေ့ အောက်တိုဘာလ ၁၇ ရက်နေ့ထုတ်  စစ်ကောင်စီလက်အောက်ခံ ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။

ထိုသို့ မှာကြားသော်လည်း ရွေးကောက်ပွဲကျင်းပမည့် အချိန်အတိအကျကိုမူ ပြောဆိုခြင်းမရှိကြောင်း ဆွေးနွေးပွဲတက်ရောက်ခဲ့သည့် နိုင်ငံရေးပါတီများက ပြောသည်။

ရခိုင့်ဦးဆောင်ပါတီ AFP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က”လက်ရှိ အနေအထားကိုပဲဆွေးနွေးကြတာပါ။ ဘာအခက်အခဲရှိတယ်။ ဘာတွေဖြစ်နေတယ်။ ဘယ်လိုဖြစ်နေကြတယ်ဆိုတာ။ အဲ့တာတော့ (ရွေးကောက်ပွဲကျင်းပမည့်ကာလ) မပြောသေးဘူး။ သန်းခေါင်စာရင်းပြီးမှပဲ ထင်တယ်”ဟု ပြောသည်။

စစ်ကောင်စီက မှတ်ပုံတင်ခွင့်ပြုထားသည့် နိုင်ငံရေးပါတီများအနက် ပါတီအချို့မှာ ယခုအောက်တိုဘာလအတွင်း ရက်ပေါင်း ၁၈၀ ပြည့်မည်ဖြစ်သဖြင့် သတ်မှတ်ကာလအတွင်း ပါတီရုံးခန်းများဖွင့်လှစ်ရန် UEC ဘက်က ညွှန်ကြားခဲ့ကြောင်းလည်း သိရသည်။

စစ်ကောင်စီ၏ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ ပြည်ထောင်စုတဝန်းလုံးစည်းရုံးမည့်ပါတီအဖြစ် မှတ်ပုံတင်ထားပါက မှတ်ပုံတင်ခွင့်ပြုသည့်နေ့မှစ၍ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်အနည်းဆုံး ဦးရေ ၁၀၀,၀၀၀ စည်းရုံးရမည်ဖြစ်ပြီး ရက်ပေါင်း ၁၈၀ အတွင်း မြို့နယ်အားလုံး၏ ထက်ဝက်တွင် ပါတီရုံးခန်းဖွင့်လှစ်ရမည်ဖြစ်သည်။

လက်ရှိ နိုင်ငံရေးအခြေအနေနှင့် အခက်အခဲများရှိနေသည့်အတွက် ပါတီဝင်ဦးရေ သတ်မှတ်ချက်၊ ပါတီရုံးခန်းဖွင့်ရမည့် သတ်မှတ်ချက်များနှင့် ပတ်သက်ပြီး ဖြေလျှော့ပေးရန် နိုင်ငံရေးပါတီများဘက်က တောင်းဆိုခဲ့သော်လည်း မရရှိခဲ့ကြောင်း တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးစိုင်းဌေးအောင်က ပြောသည်။

“(အခက်အခဲတွေ) ရှိတယ်။ တနိုင်ငံလုံးပြိုင်မယ့် ပါတီတွေအတွက် ပိုခက်ခဲတာပေါ့။ အခုလို နိုင်ငံရေးအခြေအနေနဲ့ဆို ရုံးခန်းဖွင့်ဖို့ အခက်အခဲတွေဖြစ်တဲ့အကြောင်းတွေတော့ ဆွေးနွေးခဲ့ကြတာပေါ့ ။ ပါတီဝင်စုဆောင်းတဲ့ကိစ္စတွေကအစပေါ့ ခက်ခဲတဲ့အကြောင်းတွေတော့ ဆွေးနွေးခဲ့ကြတယ်” ဟု ဦးစိုင်းဌေးအောင်ကပြောသည်။

သို့​သော် တောင်းဆိုချက်များနှင့် ပတ်သက်ပြီး စစ်ကောင်စီလက်အောက်ခံ UEC က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရသာ ဆောင်ရွက်မည်ဟု တုံ့ပြန်ခဲ့ကြောင်း ဦးစိုင်းဌေးအောင်က ပြောသည်။

စစ်ကောင်စီက ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် ပြဌာန်းခဲ့သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ ဆက်လက်တည်ထောင်ခွင့်ပြုရန် လျှောက်ထားသည့် နိုင်ငံရေးပါတီ ၅၀ ရှိပြီး ယင်းအနက်မှ ၃၇ ပါတီမှာ ပြီးခဲ့သည့် ဧပြီလကစပြီး မှတ်ပုံတင်ခွင့်ရရှိထားသည်။

မှတ်ပုံတင်ခွင့် ပြန်မလျှောက်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အပါအဝင် ပါတီ ၄၀ ကိုလည်း စစ်ကောင်စီက ပယ်ဖျက်ကြောင်း ကြေညာထားသည်။

ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး လာမည့် ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူပြီးမှသာ ရွေးကောက်ပွဲကျင်းပမည်ဖြစ်ကြောင်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုထားသည်။

လက်ရှိတွင် စစ်ကောင်စီအနေဖြင့် စက်တင်ဘာလအတွင်းက ရန်ကုန်တွင် ပါတီ ၃၀ ကျော်နှင့် တွေ့ဆုံပြီး အီလက်ထရောနစ် မဲပေးစက်နှင့် ပတ်သက်၍ ရှင်းလင်းပြသခြင်းများ ပြုလုပ်နေသကဲ့သို့ နေပြည်တော်ရှိ ရှစ်မြို့နယ်တွင်လည်း အဆိုပါစက် အသုံးပြုနည်းနှင့် ပတ်သက်ပြီး ရှင်းလင်းပြသမှုများ ပြုလုပ်လျက်ရှိသည်။ 

စာတည်း။    ။ အောင်ကျော်ဖြိုး
#Mizzima
#ရွေးကောက်ပွဲ
#UEC
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required