ရွှေကူမှ စစ်ကောင်စီစခန်းကုန်းကို KIA၊PDF တိုက်ခိုက်သိမ်းပိုက်

ရွှေကူမှ စစ်ကောင်စီစခန်းကုန်းကို KIA၊PDF တိုက်ခိုက်သိမ်းပိုက်
ပုံအညွှန်း - KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များ။ (ပုံ- Myo Hla PDF)

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှ  စစ်ကောင်စီတပ်စခန်းကုန်းတခုကို KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ယနေ့(အောက်တိုဘာလ ၁၈ရက်)  နံနက်အစောပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း KIA သတင်းရင်းမြစ်များနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ထံမှ သတင်းရရှိသည်။

ရွှေကူမြို့မှ ဗန်းမော်မြို့သို့သွားသည့် ကားလမ်းမအနီးတွင်တည်ရှိသော   ဆက်သွယ်ရေးတာဝါတိုင်စခန်းကုန်းကို နံနက် ၅နာရီခန့်မှစတင်၍တိုက်ခိုက်ခဲ့ပြီး ၆နာရီခန့်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဟုသိရသည်။

" စခန်းကို သိမ်းနိုင်လိုက်တယ်။ ဖြစ်တဲ့နေရာက ကျောက်ကြီးဘက် မဟုတ်ဘူး။ ရွှေကူနယ်ထဲက ငါးဘတ်ကြီးနားမှာ ဖြစ်တာ ဖြစ်ပါတယ်” ဟု မြေပြင်မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးက ပြောသည်။

ထိုစခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦးခန့် စခန်းချနေထိုင်ပြီး ထိခိုက်သေဆုံးမှုစာရင်းကို မသိရသေးဟု  ကာကွယ်ရေးတပ်ဖွဲ့ဝင်ကဆိုသည်။

ယခုသတင်းနှင့်ပတ်သက်၍ ကချင်အမျိုးသားလွတ်လပ်ရေးတပ်မတော်(KIA)ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူထံ ယနေ့ မွန်းလွဲ ၂နာရီခန့်တွင် မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ " ကြားရတာကတော့ KIA နဲ့ PDF တို့က အဲ့ဒီတပ်ရင်းဌာနချုပ်ကို ဝင်စီးပြီးတော့ အဆောက်အဦးတွေ၊ အိမ်တွေအကုန်လုံးကို မီးရှို့ပစ်လိုက်တယ်လို့ ကြားပါတယ်။ အဖွဲ့တွေကတော့ ထိုင်နေတာမဟုတ်ပဲ ပြန်ဆုတ်သွားတယ်လို့ ကြားရပါတယ်" ဟု ပြောသည်။

ယနေ့ မွန်းလွဲ ၂နာရီခန့်အထိရရှိသော သတင်းအရ ရွှေကူမြို့နယ်၊ ရွှေမြင်တင်ဘုရားဝင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်က တာဝါတိုင်စခန်းကုန်းဘက်သို့ လက်နက်ကြီးများ ပစ်ခတ်နေကြောင်း ဒေသခံများကပြောသည်။ တိုက်လေယာဉ်နှစ်စင်းလည်း ပျံဝဲနေကြောင်း သတင်းရရှိသည်။

စစ်ကောင်စီတပ်နှင့် KIA ၊PDF ပူးပေါင်းတပ်ဖွဲ့များသည် ယခုရက်ပိုင်းအတွင်း ကချင်ပြည်နယ် ရွှေကူ၊ ဖားကန့်၊ ဗန်းမော်၊ မိုးမောက်မြို့နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားနေသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly