ရွှေကူမှာ KIA နှင့် စစ်ကောင်စီတပ် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်စစ်ကြောင်းမှူး ပြင်းထန်ဒဏ်ရာရ

By ကချင်လေး (မဇ္ဈိမ)
24 March 2023
ရွှေကူမှာ KIA နှင့် စစ်ကောင်စီတပ် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်စစ်ကြောင်းမှူး ပြင်းထန်ဒဏ်ရာရ
ပုံ - KIA ထောက်ပို့တပ်သားအချို့ကို တွေ့ရစဉ်

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ စီမော်ရွာအနီးတွင် KIA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်း ထန်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ် စစ်ကြောင်း၏ ဒုတပ်ရင်းမှူး အောင်အောင် ပြင်းထန်ဒဏ်ရာများ ရရှိသွားကြောင်း KIA စစ်ရေးသတင်းရင်းမြစ်များက မဇ္ဈိမကို ပြောသည်။

စီမော်ရွာအနီးတွင် စစ်ကောင်စီတပ်နှင့် KIA တပ်တို့အကြား မတ်လ ၂၃ ရက်နေ့က တစ်ရက်တည်း တိုက်ပွဲသုံးကြိမ် ဖြစ်ပွားခဲ့ရာ ဒုတပ်ရင်းမှူး အောင်အောင် ပြင်းထန် ဒဏ်ရာများ ရရှိသွားခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်၏ ခြေမြန်တပ်မ အမှတ် (၇၇) အပါအဝင် ယင်းတပ်မ၏ လက်အောက်ခံ တပ်ရင်းများဖြစ်သည့် ခမရ (၆၀၂) ၊ ခလရ (၁၀) ပူးပေါင်း အင်အား ၁၅၀ ခန့်ပါဝင်သော စစ်ကြောင်းသည် အင်အားအလုံးအရင်းဖြင့် စစ်ကိုင်းတိုင်းနယ်စပ်မှ ကချင်ဘက်ကို စစ်ရေးလှုပ်ရှားလာခဲ့သည်။

ထိုသို့ လှုပ်ရှားလာသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် စီမော်ရွာအနီးအရောက်မှာ KIA ဦးဆောင်သော KIA၊ PDF ပူးပေါင်းတပ်ဖွဲ့က ဝိုင်းဝန်းပိတ်ဆို့ပြီး ကြားဖြတ်တိုက်ခိုက်ရာ တိုက်ပွဲပြင်းထန်နေခြင်း ဖြစ်သည်။

" ဒီရက်ပိုင်း ကျနော်တို့ဘက်ကို သူတို့ (စစ်တပ်) ဘက်က အကောင်ကြီး တစ်ယောက် လက်နက်နဲ့ ဘက်ပြောင်းလာတဲ့ဖြစ်ရပ်တွေ ရှိတယ်၊ အဲ့တာကြောင့် သူတို့ ဒီဘက်ကို လိုက်ရှာနိုင်တယ်လို့ တွက်ဆထားပြီး စောင့်နေတုန်း သူတို့ရောက် လာခဲ့တာပဲ၊ အဲ့မှာ တိုက်ပွဲစဖြစ်တော့တာပဲ၊ လောလောဆယ် သူတို့စစ်ကြောင်းမှူး ထိထားလို့ သူတို့ရပ်နေတုန်းပဲ ရှိသေးတယ်" ဟု အမည်မဖော်လိုသော ထောက်ပို့ KIA သတင်းရင်းမြစ်က ပြောသည်။

ရွှေကူမြို့နယ် ငှက်တံတားကျေးရွာသို့ စစ်တက်က လက်နက်ကြီး လက် နက်ငယ်များဖြင့် အင်အားသုံး ပစ်ခတ်ဝင်ရောက်လာသည့်အတွက် KIA၊ ရွှေကူ KPDFနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ (LDF) တပ်ဖွဲ့တို့အကြား ယင်းဒေသ၌ တိုက်ပွဲပြင်းထန်နေကြောင်း ရွှေကူ- PDF က ထုတ်ပြန်ထားသည်။

ယခုတိုက်ပွဲဖြစ်ပွားနေသော နေရာသည် KIA တပ်မဟာ (၃) လက်အောက်ခံ KIA အမှတ် ( ၁၂ ) တပ်ရင်းနယ်မြေဖြစ်ပြီး စစ်ကောင်စီဘက်က ပြင်းထန် ဒဏ်ရာရ သွားသည့် စစ်ကြောင်းမှူး အောင်အောင်သည် အမှတ် (၁၀) ခြေမြန်တပ်ရင်း၏ ဒုတပ်ရင်းမှူးတစ်ဦးလည်း ဖြစ်သည်။

စာတည်း။  ။ နောင်နောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly